တောင်ကြီး နိုဝင်ဘာ-၂၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၁၉)ရက်၊ နံနက် (၉) နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာ (၂) ရပ်ကွက်ရှိ ကုန်းလှိုင်ရေကန် ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ ရေကန်ပြန်လည် ပြုပြင်နေမှုနှင့်ပတ်သက်၍ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်က ရေကန်အားရေရှည်တည်တံ့ရေးနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို လည်း ရေကန်သည် ဆည်ရေသောက် ကန်ဖြစ်၍ ထိန်းသိမ်းပေးကြရန်၊ ကန်ပတ်လည်တွင် အများပြည်သူ အပန်းဖြေ လမ်းလျှောက်သည့် နေရာဖြစ်၍ စည်းကမ်းရှိစွာ ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ ကုန်းမို့ ကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရာဂီမုန်တိုင်းကြောင့် သီးနှံများရေကြီးနှစ်မြုပ် ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်သည် စပါး၊ အစေ့ ထုတ်ပြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနေကြာ၊ ဆီမုံညင်း၊ ပန်းနှမ်း၊ ပဲမျိုးစုံဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံအပြင် ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ မက္ကဒေးမီးယားစသည့် သီးနှံများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၂၉ မြို့နယ်ရှိ သီးနှံ ၁၅ မျိုး ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ တောင်ကြီးမြို့နယ်အတွင်း မိုးစပါးနှင့်အစေ့ထုတ်ပြောင်း သီးနှံရေကြီးနစ်မြုပ်ခဲ့ပြီး တောင်ကြီးမြို့နယ်တွင် ၂၂၄ ဧက၊ ကျောက်တလုံးကြီး မြို့တွင် ၂၁၃၇ ဧက ပျက်စီးခဲ့သည်ကိုသိရှိရပါကြောင်း၊ ယနေ့အခမ်းအနားတွင် တောင်ကြီးမြို့နယ်အတွင်း ပျက်စီးခဲ့သည့် သီးနှံဧရိယာဧက (၂၂၁၄) ဧကအပေါ် ဆောင်းသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ရေကင်း (၁၅) ပဲပုပ်မျိုးစေ့ကီလို (၁၀၀) နှင့် ရေဆင်းစပ်မျိုး (၁) နေကြာမျိုးစေ့ (၁၅၀) ကီလိုနှင့် သွင်းအားစု ယူးရီးယား ဓါတ်မြေသြဇာ (၅၀) ကီလိုအိတ်အား တောင်သူ (၅၀) ဦးသို့ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက ရာဂီမုန်တိုင်းကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က မျိုးစေ့နှင့်သွင်းအားစုပစ္စည်းများအားတောင်သူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများ ကိုယ်စားသံတဲကျေးရွာအုပ်ချုပ်ရေးမှူး တောင်သူဦးထွန်းထွန်းနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု၊ ကျောက်နီ စိုက်ကွင်းရှိ နို့စားနွား မွေးမြူရေးဇုန်သို့ သွားရောက်ရာမွေးမြူရေးဇုန်အဝင်အထွက်တွင် ဆေးဖြန့်ဂိတ် တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေး၍ သေချာစွာဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ရှင်းလင်း ဆောင်ခန်းမတွင် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဇင်မောင်က နို့စားနွားမွေးမြူရေးနှင့်ပတ်သက်၍ ရှင်းလင်းပြီး တောင်ကြီးမြို့နယ်အသေးစားမွေးမြူရေး မြေအကောင်အထည် အထည်ဖော်ရေး လုပ်ငန်းကော်မတီ တောင်ကြီးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းထွန်းမှ ကျောက်နီစိုက်ကွင်းအတွင်းရှိ မွေးမြူရေးမြေဧရိယာ ၆၅၉.၀၀ ဧက အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် နို့စားနွား မွေးမြူရေး လုပ်ငန်းရှင်များမှ ဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းရှင်များကလည်း မိမိပိုင်ပစ္စည်းများကဲ့သို့ ဇုန်အတွင်းရှိ ပစ္စည်းများကို သုံးစွဲပြီးထိန်းသိမ်းစောင့်ရှောက်ပေးကြရန် လိုအပ်ကြောင်း၊ ရေရှည်တွင်စီးပွားရေး လုပ်ငန်းရှင်များအတွက် အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီ များလည်း ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ လိုအပ်ချက်များရှိပါက ဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Super Seven Stars နို့စားနွား မွေးမြူရေးခြံတွင် နို့စားနွားမွေးမြူမည့်ခြံတည်ဆောက်ပြီးစီးနေမှု၊ နို့စားနွားစာမြက်ခင်းများနှင့် ဒေါ်ဖြူဖြူခိုင်မွေးမြူထားသော နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ကျီးဖြူကန်ပြန်လည်ပြုပြင်ပြီးစီးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့က သွားရောက် ကြည့်ရှူစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ကျီးဖြူကန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြုပြင်ပြီးစီး သွားသော ရေထိန်းတံခါးများ၊ ကျီးဖြူကန်ရေထိန်းတံခါးနှင့် ရေစီးဆင်းသည့်နေရာအား လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျီးဖြူကန်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဆည်လဲရွာ အနီးတွင် တည်ရှိပြီး ရေပေးဝေနိုင်မည့်စီမံကိန်းဧရိယာ (၁၀၀၀) ဧက ရေပေးဝေနိုင်မည့် စိစစ်ဧရိယာ (၁၀၀၀) ဧက ဖြစ်ပြီး နှစ်စဥ်မိုးစပါးအတွက် လယ်မြေများကို ရေပေးဝေနိုင် သည့်အပြင် ဆောင်းသီးနှံများ၊ အခြားသီးနှံ များကို စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် အထောက်အကူပြုသည့် ဆည်/ကန်တစ်ခုလည်းဖြစ်သောကြောင့် ပျက်စီးသွားသော ရေပိုလွှဲအောက်ပိုင်းမြေကာနံရံဘေးရှိ ချဥ်းကပ်လမ်း၊ ရေပေးအဆောက်အဦ၊ ရေပိုလွှဲနှင့် ရေပိုလွှဲအောက်ပိုင်းတို့ကို ပြန်လည်ပြုပြင် ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့