တောင်ကြီး သြဂုတ်-၂၉
ဝါတွင်းကာလ ပရိယတ္တိစာသင်တိုက်များ၌ ဆရာတော်၊ စာသင်သံဃာတော်များ၊ သာမဏေများ ဆွမ်းဆန်တော်၊ စားသုံးဆီများ အခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တောင်ကြီးမြို့၊ ပရိယတ္တိစာသင်တိုက်(၄)တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား သြဂုတ်(၂၉)ရက်နံနက်(၉)နာရီက ဆွမ်းဆန်တော်၊ စားသုံးဆီနှင့်နဝကမ္မအလှူငွေများနှင့် သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆွမ်းစားဆောင်အတွက် အလှူငွေများသွားရောက် ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တောင်ကြီးမြို့၊ ဓမ္မဝိဟာရ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တတေဇဗလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်၊ စားသုံးဆီနှင့်နဝကမ္မအလှူငွေ ကျပ်သိန်း(၃၀)တို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီးနောက် ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေဠုဝန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် မဟာနာယကဆရာတော် အဂ္ဂမဟာဝါစကပဏ္ဍိတ ဘဒ္ဒန္တခေမိန္နာဘိပါလထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် နဝကမ္မအလှူငွေ ကျပ်သိန်း(၃၀)များ ဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ သိမ်တောင်ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အလှူငွေကျပ်သိန်း(၁၅၀)ကို သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ ကန်ကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောလိယထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေ ကျပ်သိန်း(၃၀)တို့ကို ဆက်ကပ်လှူဒါန်းပေး၍လှူ ဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့