မိုင်းပန် သြဂုတ်-၁၇
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စု၊ လွိုင်နွဲ့ကျေးရွာရှိ မဟာတေဇာဓိပဓိ စေတီတော်အား သြဂုတ်(၁၇)ရက်နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတိုသည် သွားရောက်ကြည်ညိုဖူးမြော်၍ ပန်း၊ ရေ၊ ချမ်း၊ ဆီမီး ပူဇော် ဆက်ကပ် လှူဒါန်းကာ မဟာတေဇာဓိပဓိဘုရား ဘက်စုံမွမ်းမံပြုပြင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောအဖွဲ့က လှူဒါန်းပေးရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများမှ လက်ခံရယူကြကြီး စေတာနာရှင်အလှူရှင်များကလည်း အလှူငွေကျပ်(၆)သိန်းကျော် လှူဒါန်းပေးကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ ဘုရားအား လက်ယာရစ်ပူဇော်ကာ လှည့်လည်ကြည့်ရှူခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းပန်မြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ နမ့်ဟူးရွာ နမ့်ဟူးရေကန်(နမ့်ဟူးရေထွက်) အောက်ပိုင်းတွင် ရေကန်ငယ်တူးဖော်ထားရှိမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျေးရွာရှိတောင်သူတစ်ဦးအား ရေကန်ကို ဆက်လက် ထိန်းသိမ်းပေးရန်၊ ရေကန်ဘောင်ဘေးပတ်လည် သစ်ပင်များစိုက်ပျိုးပေးရန်၊ ရေထွက်စိမ်းလန်းစိုပြေစေရန် ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများအား ပြောကြားပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ နမ့်ဟူးရေကန်(နမ့်ဟူးရေထွက်)သည် မြေသားကန်ဖြစ်၍ ကန်အရွယ်အစားမှာ ၂၀၀ပေ× ၁၀၀ ပေ၊ ကန်အနက်(၅)ပေ၊ ကန်အမျိုးအစား မြေသားကန်အကျိုးပြု ရေသောက်ဧရိယာ(၂၈၀)ဧကဖြစ်ပြီး လုပ်ငန်းကို ၂၀၂၄ – ၂၀၂၅ခုနှစ်တွင်စတင်၍ လုပ်ငန်းတန်ဖိုးမှာ (၇၇.၃၂၇)သန်း ဖြစ်ကြောင်း သိရသည်။
ထိုနောက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးရိုင် မိုင်းပန်မြို့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံ သွားလမ်း တာဆန်းတံတား မရောက်မီအနီး လမ်းတစ်ဝက်တွင် သြဂုတ်(၁၆)ရက်ညက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကားလမ်းဘေး တောင်မြေထိန်းနံရံများ ပြိုဆင်းမှုကြောင့် ကျွန်းသစ်ပင်ကြီး ပြိုလဲ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး ခရီးသွားပြည်သူများ သွားလာရေးခေတ္တကြန့်ကြာမှုများ ဖြစ်ခဲ့သဖြင့်
လမ်းပိတ်ဆို့သည့် နေရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာနနှင့် ပြည်သူများတို့က စက်ယန္တာရားကြီးများဖြင့် ဝိုင်းဝန်ဖယ်ရှားခဲ့ရာ လမ်းကြောင်းများ ပြန်လည်သွားလာ ကောင်းမွန်ပြီဖြစ်ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) ဆက်သွယ် ထားသော တာဆန်းတံတားသို့ရောက်ရှိလာရာ ရှင်းလင်းဆောင်ခန်းမတွင် နမ့်စန် – မိုးနဲ – မိုင်းတုံ – မိုင်းဆတ် လမ်းပေါ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက၍ တံတားတည်ဆောက်ရေး အထူးအဖွဲ့(၄) လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်တင်မိုးခိုင်မှရှင်းလင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ခွဲ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရဲလင်းမှ လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခြင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းအထူးအဖွဲ့(၅) လွိုင်လင်တာဝန်ရှိ သူများက နမ့်စန် – မိုးနဲ – မိုင်းတုံ – မိုင်းဆတ် လမ်းပေါ်ရှိ သံလွင်တံတား(တာဆန်း) ချဥ်းကပ်လမ်း ဆောင်ရွက် ထားရှိမှုအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်း၊ တံတား လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက တင်ပြပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့က ပေါင်းစပ်ဆောင်ရွက်ပေးရန်ရှိပါကလည်း တင်ပြပေးကြရန် ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားသစ်အား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သံလွင်တံတား(တာဆန်း)သည် ယခုအချိန် သံလွင်မြစ်ရေတက်နေမှုကြောင့် လုပ်ငန်းများကို ၂၀၂၅ မတ်လ ရေကျချိန်တွင် ပြန်လည်၍ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၅ – ၂၀၂၆ဘဏ္ဍနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့