တောင်ကြီး သြဂုတ် – ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မှတ်ပုံတင် လက်မှတ်ရရှိထားသည့် လူမှုရေးအသင်းအဖွဲ့များ တွေ့ကြုံနေရသည့်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် သြဂုတ်(၆)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း၊အရှေ့ပိုင်း) ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။
တွေဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများကို ပရဟိတ သမားလို့အများက လက်ခံကြပြီး `ပရဟိတ´ကို သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းလို့ ယေဘုယျအားဖြင့် လက်ခံထား ကြပါကြောင်း၊ အကျိုးကိုပွားစီးစေတဲ့တရားကို `ဟိတ´လို့ခေါ်ပြီး `ဟိတ´မှာ ပရဟိတနှင့် အတ္တဟိတဆိုပြီး နှစ်မျိုးရှိ သည်ကိုတွေ့ရပါကြောင်း၊ ပရဟိတက သူတစ်ပါးကောင်းကျိုးကို ဖြစ်စေသောအကြောင်းတရားလို့ လက်ခံနားလည် ထားပါကြောင်း၊ အမှန်တကယ် သူတစ်ပါးကောင်းကျိုးကို လိုလားလို့ မေတ္တာစေတနာသန့်သန့်နှင့် နှောင်ကြိုးမဲ့ စိတ်ရောကိုယ်ပါ ကူညီလုပ်ကိုင်နေသူများကို `ပရဟိတသမား´လို့ လူအများက အသိအမှတ်ပြုကြတာဖြစ်ကြောင်း၊ `ပရဟိတ´လုပ်ငန်းသည် ပြည်သူလူထုပူးပေါင်းပါဝင်ခြင်း လူမျိုးဘာသာမခွဲခြားဘဲ ပူးပေါင်းပါဝင်ကြသည့် နည်းလမ်း တစ်ခု ဖြစ်သည့်အတွက် ဒီမိုကရေစီဝန်းကျင်တည်ဆောက်ရာတွင် အရေးပါသော စံအစိတ်အပိုင်းတစ်ခု အနေဖြင့် ရှိနေမှုကိုတွေ့ရမှာဖြစ်ကြောင်း၊ အစိုးရနှင့် ပြည်သူ၊ အစိုးရနှင့် အဖွဲ့အစည်းကြား ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်နိုင်သည့်အတွက် `ဟရဟိတအသင်းအဖွဲ့´များသည် သာမာန်အဖွဲ့အစည်းမဟုတ်ဘဲ အရေးပါသော အဖွဲ့အစည်းများဖြစ်၍ နားလည်လက်ခံထားရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော တာချီလိတ်လူမှုရေးအသင်းအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လူမှုရေး အသင်းအဖွဲ့များမှ တွေ့ကြုံနေရသည့် အခက်အခဲများ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူမှုရေးအသင်းအဖွဲ့များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကူညီ ဖြေရှင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများကလည်း လူမှုရေးအသင်းအဖွဲ့များအား လမ်းညွှန်ကူညီရှင်းလင်း ဆောင်ရွက် ပေးကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလူမှုရေးအ သင်းအဖွဲ့(၆၁)ဖွဲ့အတွက် ထောက်ပံ့ငွေ(၁၃၈)သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး