တောင်ကြီး သြဂုတ်-၃

ဝါတွင်းကာလပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ သာမဏေများ ဆွမ်းဆန်တော်၊ စားသုံးဆီများ အခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က သြဂုတ်လ(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက် သို့သွားရောက်၍ ဆွမ်းဆန်တော်၊ စားသုံးဆီ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းရာ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယအဖွဲ့ဝင် စာချဆရာတော် ဦးသိရီဓမ္မထံ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့်ပြည်နယ် ဥပဒေချုပ်တို့က နဝကမ္မအလှူငွေ ကျပ်သိန်း(၃၀)၊ ဆွမ်းဆန်တော်၊ စားသုံးဆီတို့ကို ဆက်ကပ်လှူဒါန်း ပေးကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်တာဝန်ရှိသူများသည် အရိယဝံသ မြို့ဦးပရိယတ္တိ စာသင်တိုက်သို့သွားရောက်၍ ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် နဝကမ္မအလှူများ ဆက်ကပ်လှူဒါန်းရာ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးငါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် အသစ်ပြန်လည်တည်ဆောက်မည့် သာသနာဓဇကျောင်းဆောင် အတွက် အလှူငွေကျပ်သိန်း(၃၀) ဆက်ကပ်လှူဒါန်းပေးကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသစ်ဆောက်လုပ်နေသည့် ကျောင်းဆောင်သစ် နှင့် ဆွမ်း၊ ဟင်းချက်ဆောင်တို့ကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်
များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲ (ဒုတိယအကြိမ်)ကို ယနေ့ နံနက်(၅)နာရီက တောင်ကြီးမြို့ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်ကျောင်း ရှေ့၌ကျင်းပရာ ဆရာတော်၊ သံဃာတော်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာနတို့မှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဒေသခံ ပြည်သူများတက်ရောက်၍ ဆွမ်းနှင့်ဆွမ်းဟင်းများ၊ အချိုပွဲများ၊ သစ်သီးများ၊ ခေါက်ဆွဲခြောက် များ လောင်းလှူပေးကြသည်။
အဆိုပါရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် ဆွမ်းနှင့်ဆွမ်းဟင်း များ လောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် ကျောင်းများမှ ရဟန်း(၃၀၀)ပါး၊ သာမဏေ(၇၈၀)ပါး စုစုပေါင်း(၁၀၈၀)ပါး အားလောင်းလှူပေးကြပြီး ဝါတွင်းကာလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရှိဝန်ကြီးဌာနများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများက လောင်းလှူသွားကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး