တောင်ကြီး ဇူလိုင်-၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လတွင် အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA၊ TNLA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ ပစ်ခတ်မှုကြောင့် မြို့တွင်းကျရောက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုများဖြစ်ပြီး လားရှိုးမြို့တွင် နေထိုင်ရန် မဖြစ်တော့၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ ဒေသခံပြည်သူ မိသားစုဝင်များ တိုက်ပွဲရှောင်လာကြရသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ တိုက်ပွဲရှောင်လာသော ဒေသခံပြည်သူ မိသားစုဝင်များကို တောင်ကြီးမြို့ မဟာယန ဘုရားရှိခိုးကျောင်း တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်း၊ ကိုးကန့်တရုတ်ဘုံကျောင်း၊ ရှမ်းပဋိကတ်ကျောင်း တို့တွင် တိုက်ပွဲရှောင်ပြည်သူများအား နေရာထိုင်ခင်းအိပ်ဆောင်၊ စားသောက်စရာများ၊ ကျန်းမားရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားပြီး ဇူလိုင်(၂၂)ရက် နံနက်(၁၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်း ဆန်၊ ဆီ၊ ထောက်ပံ့ငွေများ ပေး၍လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန် ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ ရှမ်းတောင်ပြည်သူလူထုများ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ထောက်ပံ့ငွေများပေးအပ် ကြကြောင်း သိရသည်။ အလားတူ ဇူလိုင်(၂၁)ရက်က တောင်ကြီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးနှင့် ရပ်တော်မူဘုန်းကြီးကျောင်းတွင် နေရာထိုင်ခင်းအိပ်ဆောင်၊ စားသောက်စရာများ၊ ကျန်းမားရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ပြည်နယ် ဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းနှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့