တောင်ကြီး ဇူလိုင်-၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဇူလိုင်(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စီပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစည်းအဝေး ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နယ်မြေဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းသော ဒေသများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နိုင်ရေး၊ ကျောင်းတက်နိုင်ရေးနှင့် စာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာမြို့နယ်များအလိုက် ကျောင်းတက်သည့် အင်အားစာရင်းကို ပြုစုထားရန် လိုအပ်ပါကြောင်း၊ အစိုးရအဖွဲ့အပါအဝင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်း မိမိရုံးစိုက်ရာ မြို့နယ်ဒေသရှိ ရုံးဌာနအခြေအနေများကို နှံစပ်စွာ သိရှိထားရန်နှင့် လိုအပ်သည် များရှိပါက ပေါင်းစပ်ပေးရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကောင်းအောင် ဖန်တီးပေးရန်နှင့် စိမ်းလန်းစိုပြည်ရန် ဆောင်ရွက် ပေးကြရန်၊ တရားဥပဒေစိုးမိုး၍ တရားဥပဒေအောက်တွင် ပြည်သူများလွတ်လပ်အေးချမ်းစွာ နေထိုင်နိုင်ရန် ဆောက်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ အေးချမ်းသာယာရေးအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးဌာနနှင့် ပေါင်းစပ်၍ စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့်အတူ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ စာသင်ကျောင်းများ၊ ဆေးရုံများကို သန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိပြီး ဘုရား၊ ကျောင်းကန်များကို ဂေါပကအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် ကောင်းသည့် အလေ့အထများ ပြုလုပ်ပေးကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်များတွင်လည်း အမှိုက်များစွန့်ပစ်နေမှု တွေ့နေရသဖြင့် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေရေးအတွက် ရပ်ကွက်နေပြည်သူ များကလည်း ဝန်းခြံရှိပါက မိမိခြံဝန်းအတွင်း သစ်ပင်များ စိုက်ပျိုးပေးကြရန်နှင့် လူ၏စိတ်ကို ပြောင်းလဲနိုင်စေရန် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန် လိုအပ်ပါကြောင်း၊ စားနပ်ရိက္ခာနှင့်ပတ်သက်၍ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်၊ ဆီ ဖူလုံရေး များကို နည်းပညာစနစ်အတိုင်း ဆောင်ရွက်ပေးကြရန်နှင့် မွေးမြူရေးကဏ္ဍတွင်လည်း အောင်မြင်ဖြစ်ထွန်းအောင် ကြိုးစားပေးကြရန်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးဌာနများကလည်း သုံးနှစ်တစ်ကြိမ် မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်းနှင့် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ဥပဒေများပေးထားပြီး ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရန်၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ စာရင်းကောက်ယူရာတွင် မှန်ကန်ရေးနှင့် သန်းခေါင်စာရင်းမှ မဲစာရင်းမှန်ကန်မည်ဖြစ်ကြောင်း၊ လာမည့်၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် လျာထားပြီးဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မနစ်နာစေရေးအတွက် မဲစာရင်းမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများမှ မှန်ကန်စွာ ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်းနှင့် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် Zoom meetingမှ တက်ရောက် သည့် ဌာနများမှ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေး၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့