တောင်ကြီး ဇွန်-၁၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ဇွန်(၁၇)ရက် နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထုတ်ဝေထားသည့် တိုင်းရင်းသားဘာသာသင် ဖတ်စာအုပ်များ ပေးအပ်ပွဲ ကျင်းပသည်။
တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များထံသို့ တိုင်းရင်းသား ဘာသာသင်စာအုပ်များ လွှဲပြောင်း ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးရှိပြီး ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုး ပေါင်းစုံနေထိုင်ကြသည့် ပြည်နယ် တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုး စုပေါင်း(၃၃)မျိုး စုပေါင်းနေထိုင်ကြပြီး အချို့သော တိုင်းရင်းသားများမှာ မိမိတို့၏ စကား၊ စာပေ၊ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များကို တရားဝင်မှတ်ပုံတင် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ် သိန်းပေါင်း နှစ်ထောင် ခုနှစ်ရာကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပုံနှိပ်ထားသည့် ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကချင်၊ တောင်ရိုးအာခါ၊ `ဝ´နှင့် လားဟူ တိုင်းရင်းသား ဘာသာများဖြင့် ပုံနှိပ်ထုတ်ဝေသည့် တိုင်းရင်းသားဘာသာသင် ဖတ်စာအုပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း၊ အဖွဲ့များထံ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များအား တိုင်းရင်းသားဘာသာသင် ဖတ်စာအုပ်များ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပအိုဝ်း၊ ကချင်စာပေ ယဥ်ကျေးမှုအဖွဲ့အား ပေးအပ်၍ လည်းကောင်း၊ လားဟူ၊ `ဝ´ စာပေယဥ်ကျေးမှုအဖွဲ့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပေးအပ်၍လည်းကောင်း၊ အာခါ၊ လီဆူ၊ တောင်ရိုး စာပေယဥ်ကျေးမှုအဖွဲ့ကို ပြည်နယ်တိုင်းရင်းသားရေးဝန်ကြီးက အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်း၊ အဖွဲ့များကိုယ်စား ရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကချင်၊ တောင်ရိုး၊ အာခါ၊ `ဝ´၊ လားဟူ တိုင်းရင်းသားဘာသာ ဖတ်စာအုပ်များအား ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့