ညောင်ရွှေ ဇွန်-၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၉)ရက် နံနက်(၇)နာရီခွဲက ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာရှိ ရှင်းလင်းဆောင်ခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်များအတွက် မျိုးစေ့၊ ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက မျိုးစေ့၊ ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်သူများအား စပါးအထွက်နှုန်း ရရှိနိုင်အောင် စိုက်ပျိုးပေးနိုင်ရန် စိုက်ပျိုးရေးဦးစီး ဌာနမှ ပို့ချသင်ကြားပေးသော နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်ရန်ကြိုးစားပေးစေလိုကြောင်း၊ တောင်သူများအနေဖြင့် စပါးအထွက်နှုန်း တိုးပါက အကျိုးအမြတ်များခံစားရမည်ဖြစ်ကြောင်း၊ ယခုလာရောက်ထောက်ပံ့ရခြင်းမှာ တောင်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များ သိရှိနိုင်ရန် ပြောကြားသည်။
ဆက်လက်၍ တောင်သူများအား မျိုးစပါး၊ ဓာတ်မြေသြဇာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ပြထားမှုကို ကြည့်ရှုကြသည်။
ထို့နောက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇတများ စဥ်ဆက်မပြတ် ရေရှည်ပြန့်ပွားထိန်းသိမ်းနိုင်စေရေး၊ ဒေသအတွင်း ငါးစားသုံးမှုဖူလုံနိုင်စေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေးတို့အတွက် ငါးမျိုးစိုက် များကို အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ညောင်ရွှေမြို့ ဖောင်တော်ဆိုက်တွင် ငါးမျှင်ချင်း(၁)သိန်းခွဲ၊ ငါးခုံးမကြီး(၁)သိန်းခွဲ၊ ရွှေဝါငါးကြင်း(၁)သိန်း စုစုပေါင်း ကောင်ရေ(၄)သိန်းနှင့် အင်အား(၄၅၆)ဦးခန့် ငါးမျိုးစိုက်ထည့်ပေးကြသည်။
၎င်းနောက် ညောင်ရွှေမြို့နယ် အ.ထ.ကအင်းပေါခုံ (RCC)သုံးထပ်ကျောင်းဆောင်သစ် လွဲပြောင်း ပေးအပ်ခြင်းနှင့် ဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ရာ (RCC)သုံးထပ်ဆောင်သစ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ညောင်ရွှေမြို့ ဘင်ခရာတပ်ဖွဲ့ နဲ့ ပန်းပွားအဖွဲ့၊ အင်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ အင်းပေါခုံကျောင်းဘင်ခရာတပ်ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။ ဆက်လက်ပြီး ဆို၊ က၊ ရေး၊ တီး၊ ဗဟိုအဆင့် စောင်းအတီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက ဧည့်ခံဖျော်ဖြေ တင်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုလွဲပြောင်းပေးအပ်သော RCCသုံးထပ်ကျောင်း ဆောင်ကို ကျပ်သန်းပေါင်း ၅၂၃.၈၇သန်းဖြင့် ဆောက်လုပ်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း၊ အင်းပေါခုံကျောင်းသည် လွန်ခဲ့သော ၁၉၄၅-၁၉၄၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် အစိုးရအထက်တန်းကျောင်းအဖြစ် အင်းပေါခုံ ရွှေဟင်္သာ (ဇရပ်)သို့ ပြောင်းခဲ့ပါကြောင်း၊ ၁၉၆၄-၁၉၆၅ အထက်တန်းကျောင်းအဖြစ် ယခုလက်ရှိနေရာတွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်း အကျယ်အဝန်းမှာ ၂၈.၉ဧကရှိကြောင်း၊ ယခု၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀၀)ခန့် ပညာသင်ကြားလျက်ရှိပြီး ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာ၊ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ၊ ဂုဏ်ရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ညောင်ရွှေမြို့နယ်၏ ဂုဏ်ထူးဆောင်ကျောင်း တစ်ကျောင်းလည်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အားကစားပစ္စည်းနှင့် ဧည့်ခံဖျော်ဖြေပေးကြသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ကြည်မှ လက်ခံရယူပြီး ကုမ္ပဏီမှ စာသင်ခုံအစုံ(၁၀၀)၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့က ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန်းပန်ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူ(၄၄)ဦးမှ လာရောက် ဆေးကုသမှုခံယူနေမှုနှင့် မိခင်နှင့်ကလေးအဆောင်အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာ အာဟာရပြည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး နန်းပန်ပြည်သူ့ဆေးရုံအတွက် ထောက်ပံ့ငွေပေးအပ်ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရသည်။
နန်းပန်မြို့တွင် အင်းလေးဒေသရှိ လူငယ်များအား ကစားအဆင့်အတန်းမြင့်မားရေးနှင့် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ဘော်လီဘောအားကစားလေ့ကျင့်နိုင်ရန် မိုးလုံလေလုံ အားကစားခန်းမ အကျယ်(၁၂၀×၉၀) ကုန်ကျငွေ (၅၅၉)သိန်းဖြင့် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆန်ထောက်ပံ့ ပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြား၍ ပြည်နယ်ဝန်ကြီးက ဆန်၊ ထောက်ပံ့ငွေ ပေးအပ်ရာအမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်များ၏ကိုယ်စား ကျောင်းအုပ်ကြီး ရဲမှူးကြီး နန္ဒဝင်းမှ လက်ခံရယူပြီး အမှတ်(၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ မိသားစုဝင်များ၊ ကယားပြည်နယ်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှ တိုက်ပွဲရှောင်တပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်)ခရိုင်၊ ပင်လောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တိုက်ပွဲရှောင်တပ်ဖွဲ့များနှင့် မိသားစုဝင်များအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြောင်းသိရှိုသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့