တောင်ကြီး မေ-၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့)တွင် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်ကြီးများထံမှ သြဝါဒခံယူခြင်းနှင့် ပိဋကတ်သုံးပုံ ကျမ်းစာအုပ်များ လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို မေ(၂၂)ရက် နံနက်(၆)နာရီက တောင်မြို့စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် တောင်ကြီးမြို့ပေါ်ရှိ ဆရာတော်သံဃာတော်(၁၀၈)ပါးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ စွန်းလွန်ဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက သြဝါဒ ကထာမြွက်ကြားချီးမြှင့်ပေးကြပြီး ဆရာတော်၊ သံဃာတော်အား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် တောင်ကြီးမြို့၊ မဟာဓမ္မိကာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ လူမူရေးအသင်းအဖွဲများတို့က ဆရာတော်၊ သံဃာတော် (၁၀၈)ပါးအား စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင် စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးရှိ ပရိဘောဂစေတီခေါ် မဟာဗောဓိပင်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲတွင် နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ဂုဏ်ပြုပူဇော်မင်္ဂလာကဗျာကို ဝတ်အသင်းများမှ သံပြိုင်ညီညာ ရွတ်ဖတ်ပူဇော်ခြင်း၊ နဂါး၊ ဂဠန်၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူး ချီးကျူးကြွေးကြော်သံကဗျာများကို ဝတ်ရွတ်အသင်းများမှ သံပြိုင်ညီညာပူဇော်၍ ဗောဓိညောင်ခြေပလ္လင်ဗွေ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ လူမူရေးအသင်းအဖွဲ့များက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ပြီးမြောက်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့