တောင်ကြီး ဧပြီ-၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများသည် ဧပြီ(၁၇)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်တွင် (၅)ရက်တိုင်တိုင် အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) တက်ရောက်ကြကြောင်းသိရသည်။
ဆက်လက်၍ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသော အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ပေးကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ အရှင်ဓမ္မိဿရက ဘုရားပင့်ဂါထာဖြင့် ရွတ်ဖက်ပူဇော်၍ သိမ်တောင်ကျောင်းတိုက်မှ အရှင်မာဏဝက ဥပ္ပါတသန္တိကျမ်းမြတ် နာကြားရန် နတ်၊ဗြဟ္မာများအား ပင့်ဖိတ်ပြီး နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယ) ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြ၍ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်အာစိဏ္ဏက နတ်၊ ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး အလှည့်ကျ ဘာဏကဆရာတော်မှ ဥပ္ပါတသန္တိကျမ်းကို စတင်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။
အဆိုပါ ရွှေဘုန်းပွင့်စေတီတော်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်၍ ဘုရားဖူးပြည်သူများ၊ ဧည့်သည်တော်များ စည်ကားလျက်ရှိပြီး တောင်ကြီးမြို့၏ ရှုခင်းများ ကြည့်ရှု၍ ပျော်ရွှင်စွာ အမှတ်တရဓါတ်ပုံရို က်ကူးနေကြသည်ကို တွေ့ရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး