တောင်ကြီး မတ်-၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့ကို ဘွဲ့တံဆိပ်တော်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲကို မတ်(၂၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စောင်းပညာရှင်မယ်ဆွေ(အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ရန်ကုန်)နှင့် အဆိုပညာရှင် သက်နှင်းဦး (နိုင်ငံတော်ရွှေတံဆိပ်ဆုရှင်တို့မှ ထူးမခြားနားသီချင်းခံကို တီးခတ်၍ သီဆိုပူဇော်ကြသည်။
ဆက်လက်၍ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးက သမ္မောဒနီယသြဝါဒ ကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ရှမ်ပြည်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေးကြပြီး သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ဆက်ကပ်လှူဒါန်းပေး၍ ဘွဲ့တံဆိပ်တော်ရလူပုဂ္ဂိုလ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းနောက် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှမ်းပိဋကတ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဘဒ္ဒန္တဝါယာမ ထံမှ အနုမောဒနာတရားနာကြ၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်စွာပြီးမြောက်ကြောင်းသိရသည်။
ယင်းနောက် ဆရာတော်သံဃာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတို့က ဆွမ်းဆန်စိမ်း လောင်းလှူပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး