တောင်ကြီး ဒီဇင်ဘာ – ၅
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပိတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၅)ရက် ည(၈)နာရီက ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်ဇနီး ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်သည်တော်များက သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးရှိ ရုပ်ပွားတော်မြတ်အား ရတနာဒီပံဆီမီး ထွန်းညှိပူဇော်ကြပြီး အလှူငွေ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် အ.ထ.က(၁)၊ အ.ထ.က(၂)ကျောင်းသားကျောင်းသူလေးများ၏ မီးပုံးအကကို ကြည့်ရှု အားပေး၍ ပွဲတော်တက်ရောက်လာသူများက မီးပုံးငယ်လေးများစုပေါင်းလွှတ်တင်ကြသည်။
ယင်းနောက် နောင်တောင်းကျောင်းနှင့် နောင်တောင်းကျေးရွာအဖွဲ့၊ လီဆူးစာပေယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ နောင်ခုံးကျေးရွာအဖွဲ့နှင့် လုံခုတ်ကျေးရွာအဖွဲ့တို့က မီးပဒေသာများ လှည့်လည် ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က တိုင်းရင်းသားရိုးရာမီးပဒေသာအဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မီးပုံးပျံအဖွဲ့များဖြစ်ကြသည့် မြို့ဦးရပ်ကွက်၏ စိန်နားပန် မီးပုံးပျံလွှတ်တင်မှုကိုလည်းကောင်း၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ အနောက်ရပ်ကွက်နှင့် မြို့ဦးကွက်သစ်တို့၏ ညမီးကြီး မီးပုံးပျံများလွှတ်တင်မှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး မီးပုံးပျံအဖွဲ့ ခေါင်းဆောင်များ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး