ဆီဆိုင် အောက်တိုဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ(၆)ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဆင်းမည့် သင်တန်းသူများအနေဖြင့် မိမိတို့ဒေသမှ တီထွင်ကြံဆမှုများနဲ့ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ဒါမှသာ မိမိတို့ မိသားစု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားတဲ့ အခြေအနေများကိုဖန်တီးနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်များကို ပိုမိုတတ်မြောက်ကျွမ်းကျင်အောင် ဆက်လက် ဆည်းပူး သွားကြစေလိုကြောင်း၊ တတ်မြောက်ခဲ့တဲ့ အတတ်ပညာ၊ နည်းပညာတွေနဲ့ မိသားစု တစ်ခုမှသည် ကျေးလက်ဒေသ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် အိမ်တွင်းမှု စက်ချုပ် လုပ်ငန်းများ ပိုမိုတိုးတက် ထိရောက်အောင် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိတ်ဆွေ သူငယ်ချင်းများကိုလည်း အိမ်တွင်းမှုအတတ်ပညာရပ်များကို လက်ဆင့်ကမ်း ဖြန့်ဝေပေးကြစေလိုကြောင်း၊ မိမိတို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာလည်း အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ အမျိုးသမီးစွမ်းဆောင်ရှင်များ အဖြစ် တာဝန်ထမ်းဆောင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်းနှင့် သင်တန်း ကျောင်းအုပ်နှင့်နည်းပြဆရာမများဘက်ကလည်း နောင်ဖွင့်လှစ်မည့် သင်တန်းတွေအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ခေတ်နဲ့လိုက်လျောညီထွေမှုဖြစ်အောင် လေ့လာသင်ယူကြ စေလိုကြောင်းပြောကြားပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူအား ဆုချီးမြှင့်ပေးအပ်သည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဝင်းက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်တစ်ဦးမှ လက်ခံရယူပြီးသင်တန်းဆင်း သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်စန်းဝင်းက သင်တန်းဖွင့်လှစ်မှုမှတ်တမ်းအား ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ ကြပြီးနောက် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်း၌ သင်တန်းသူ(၃၅)တို့အား မေလ ၈ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြာင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး