တောင်ကြီး မတ်-၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မတ်(၃၀)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့၊ အိမ်တော်ဝင်းရှေ့၊ တောင်ကြီးဟိုတယ်ရှေ့တွင် အများပြည်သူများ၊ မိသားစုဝင်များ စိတ်အေးချမ်းသာယာစွာ အနားယူအပန်းဖြေနိုင်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအတွင်းဝန်များရုံး(ဟောင်း)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်ရွှေ ညောင်-ရပ်စောက်-ဗထူး သွားကားလမ်း၊ ကွန်လုံကျေးရွာအုပ်စု၊ ကျောက်နီကျေးရွာအနီးရှိ နို့စားနွားမွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုရာ တောင်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မင်းထွန်းမှ ဦးအောင်အောင်သန်း (၆)ယူနစ် နို့စားနွားမွေးမြူရေးခြံနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ရေယူမြောင်း၊ ရေဆိုးထုတ်မြောင်းများ ရေတွင်း၊ ရေလှောင်ကန် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ကျောက်နီမွေးမြူရေးဇုန်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် လမ်းဖောက်လုပ် ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နို့စားနွား မွေးမြူသူ လုပ်ငန်းရှင်များမှ လိုအပ်သည်များ တင်ပြကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လုပ်ငန်းရှင်များတင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဦးအောင်အောင်သန်း၏ နွားထားရှိမည့် အဆောက်အဦ ဆောက်လုပ်နေမှု၊ ရဟတ်ယာဉ်ကွင်း ဖော်ထုတ်မည့်နေရာ၊ ဆည်မြောင်းရေလှောင်တမံ ဆောင်ရွက်နေသည့်နေရာ၊ ရှင်းလင်းဆောင်ဆောက်လုပ်မှုနေရာ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ့်လတ်ဥယျာဥ်ခြံ သွားရောက်ကြည့်ရှုရာ ခြံမန်နေဂျာမှ သီးနှံစိုက်ပျိုးထားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပျိုးပင်ကိုင်းဆက်နည်းများနှင့် ပျိုးခြံများအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့အတက်လမ်းရှိ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံအား ဝင်ရောက်ကြည့်ရှုရာ ခြံတာဝန်ခံ ဒေါ်ခိုင်ခိုင်ဦး(သုတေသနအရာရှိ)မှ ခြံနှင့်ပတ်သက်၍ ရှင်းလင်းကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး