တာချီလိတ် ဒီဇင်ဘာ – ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တာချီလိတ် လမ်းမပေါ်ရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာ အုပ်စု၊ ဆိုင်းလေကျေးရွာရှိလနမ့်လုံချောင်းအား ဖြတ်သန်းသွယ်တန်းထားသည့် ဆိုင်းလေစတီးကြိုးတံတား ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၉)ရက် နံနက်(၈)နာရီက အဆိုပါကြိုးတံတားတည်ရှိရာနေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန် အတွက် ယခုတံတားအား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမှာဖြစ်ကြောင်း၊ တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံတိုင်းရင်းသားများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားသွားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပြီး တံတားအားဖြတ်သန်း ကြည့်ရှုခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် စိုက်ပျိုးရေး ဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူတို့ ပူးပေါင်းဆောင်ရွက်သည့် ဆောင်းပဲပုတ်၊ မြေပဲ၊ နေကြာစိုက်ခင်းများ နှင့် အခြားသီးနှံစိုက်ခင်းများအား ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းနှင့် ဆိုက်ခေါင်ကျေးရွာ မူလတန်းလွန်ကျောင်းတို့တွင် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ သွားရောက်ပြီး သင်ကြားသင်ယူ နေမှုများကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်လတိုင်းမှူးတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် စာသင်ဝိုင်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် တာလေမြို့ အမှတ်(၄)ရပ်ကွက်ရှိ စပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ဒေါ်နန်းမွန်း၏ ဆန်စက်အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် တာချီလိတ်မြို့ရှိ ကိုယ့်အားကိုယ်ကိုး လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် တာချီလိတ်မြို့၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ်အားကိုယ်ကိုး လမ်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လမ်းတည်ဆောက်ရေးအတွက် ထည့်ဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး တိုင်းရင်းသားရိုးရာ အဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး