ကျိုင်းတုံ ဒီဇင်ဘာ ၂၈
၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်သည့် အာခါတိုင်းရင်းသားတို့၏ (၄၉)ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ(၂၈)ရက် ညနေ(၄)နာရီက၊ ကျိုင်းတုံမြို့ရှိ အာခါအမျိုးသားနေ့ ပွဲတော်ကျင်းပသည့် အမေ့ရင်ခွင် ကျောင်းတော်နေရာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ အာခါတိုင်းရင်းသားလူမျိုး အကြီးအကဲ ဦးမင်းညိုတို့က အမေ့ရင်ခွင်ကျောင်းတော် အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗျဉ္းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် အာခါတိုင်းရင်းသားလူမျိုးဆိုင်ရာ စာအုပ်စာတမ်းများကို လေ့လာကြည့်ရှုခဲ့ပြီး အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အာခါတိုင်းရင်းသားမောင်မယ်များက တိုင်းရင်းသားရိုးရာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများ၏ အမျိုးသားနေ့ဟူသည် သက်ဆိုင်ရာတိုင်းရင်းသားများအတွက် ထူးခြားလေးနက်၍ ဂုဏ်ထူးဝိသေသဖြင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပြန်လည်အမှတ်ရစေပြီး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဖော်ကြူးဂုဏ်ယူ ကျင်းပသည့်နေ့ဖြစ်ပါကြောင်း၊ မိမိတို့၏ ဇာတိသွေး ဇာတိမာန်များ၊ မျိုးချစ်စိတ်ဓာတ်များ၊ မျိုးချစ်စိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် အသိပေးနိှုးဆော်သည့် နေ့လည်းဖြစ်ပါကြောင်း၊ အာခါတိုင်းရင်းသာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဘာသာစကား၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်သွားရန် ငြိမ်းချမ်းသာယာသည့် အနာဂတ်နိုင်ငံတော်ကြီး ပေါ်ထွန်းနိုင်ဖို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများနှင့် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က အာခါအမျိုးသားနေ့အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ အာခါတိုင်းရင်းသား တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြပြီး အာခါတိုင်းရင်းသား အကြီးအကဲက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အာခါတိုင်ရင်းသားအဆိုတော်များ၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက တိုင်းရင်းသားရိုးရာ တေးသံသာများ၊ အကအလှများဖြင့်တင်ဆက်၍ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး