ပင်းတယ ဒီဇင်ဘာ ၂၀
၁၃၈၅-ခု၊ နတ်တော်လဆန်း(၈)ရက်၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(၂၀) ရက်နေ့တွင်ကျရောက်သည့် ဆဌမအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ရေးအဖွဲ့ဥက္ကဌနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်း သားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဓနုတိုင်းရင်းသားအဆိုတော် ဒီနေးရှင်းက ကမ်းလင့်ကြိုနေ ဓနုမြေ သီချင်းသီဆို၍ ဓနုယဥ်ကျေးမှုအဖွဲ့က တင်ဆက်ကပြကြပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများ၏ အမျိုးသားနေ့ဟူသည် သက်ဆိုင်ရာတိုင်းရင်းသားများအတွက် ထူးခြားလေးနက်၍ ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပြန်လည်အမှတ်ရစေပြီး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဖော်ကျူးဂုဏ်ယူကျင်းပသည့် နေ့ဖြစ်ပါကြောင်း၊ မိမိတို့၏ဇာတိသွေး ဇာတိမာန်များ၊ မျိုးချစ်စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် အသိပေးနှိုးဆော်သည့် နေ့လည်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်စု (၃၃)စု စုပေါင်းနေထိုင်လျက်ရှိကြပြီး တိုင်းရင်းသားမျိုးနွယ်စု အလိုက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများသည် လူမျိုးစုအလိုက် ရှိကြပါကြောင်း၊ ဓနုလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဘာသာစကား၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်သွားရန် ငြိမ်းချမ်းသာယာသည့် အနာဂတ်နိုင်ငံတော်ကြီး ပေါ်ထွန်းနိုင်ဖို့အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း အပြန်အလှန်နားလည်မှု ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများနှင့် ကြိုးပမ်းတည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသွားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်နယ်တိုင်းရင်းသားရေးဝန်ကြီးတို့က ဓနုအမျိုးသားနေ့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် ဓနုတိုင်းရင်းသားအဖွဲ့ချုပ် ဥက္ကဌက ကျေးဇူးတင်စကား ပြောကြားပြီး ဓနုတိုင်းရင်းသူ လေးများက ရိုးရာမပျက်ဓနုခြေလက်သိုင်းကွက် အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဓနုတိုင်းရင်းသားအဆိုတော်နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့ တို့အား ဂုဏ်ပြုဆုငွေနှင့်ပန်းခြင်းများ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်ဇနီးတို့သည် ပင်းတယမြို့ ကန်ထောင့်ဓမ္မာရုံ၌ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဥမှင်တပေါင်းကွင်းအတွင်း၌ ခင်းကျင်းပြသ ထားသည့် အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ MSMEsဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဆိုင်ခန်းများနှင့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး