တောင်ကြီး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြုလုပ်သည့် FIFA-MFF U 15 Youth Leavue 2023 အမှတ်ပေးပြိုင်ပွဲတွင် Upper Zoneနှင့် Grand Final ချန်ပီယံ Shan FC (Southern) အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာ(၁၉)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သည့်နေရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍ ကိုလည်း နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် အစဉ်တစိုက်အားပေးကြည့်ရှုခဲ့ကြောင်း၊ အလားတူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ပြည်နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအားပေးချီးမြှင့် ဆောင်ရွက်ပေးနေတာကို တွေ့ရမှာဖြစ်ကြောင်း၊ 2023 FIFA -MFF U 15 League First Champion Cup ဘောလုံးပြိုင်ပွဲတွင် အထက်မြန်မာပြည်(ဇုန်) ပြိုင်ပွဲ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)အသင်းဖြစ်သည့် Shan FC (Southern)အသင်းက ပထမရရှိခဲ့၍ ဗိုလ်လုပွဲစဥ်တွင် အောက်မြန်မာပြည်(ဇုန်)၌ ပထမရရှိခဲ့သည့် ရခိုင် Unitedအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၃ဂိုး- ၁ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုံးကျင်းပသော 2023 FIFA -MFF U 15 League၏ ပထမဦးဆုံးချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အားကစားမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြတ်သားသည့် အမျိုးသားရေးအမြင်၊ မြင့်မားသည့် ရည်မှန်းချက်၊ ခိုင်မာသည့် သန္နိဌာန်စိတ်ဓာတ်များထားရှိပြီး အရှိန်အဟုန်နှင့် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်နေသည့်အချိန်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပထမဆု တံခွန်စိုက်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အုပ်ချုပ်နည်းပြ အဖွဲ့ဝင်များ၊ အားကစားသမားများ၊ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသော သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသွားသည်။
ထို့နောက် FIFA – MFF U 15 Youth League 2023 အမှတ်ပေးပြိုင်ပွဲ Upper Zoneနှင့် Grand Final ချန်ပီယံ Shan FC (Southern)အသင်းက ချန်ပီယံဖလားအား ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က Shan FC (Southern)အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၁၀၀) ပေးအပ်ချီးမြှင့်ခဲ့ပြီး KBZ Bank Limitedနှင့် အလှူရှင်များက အလှူငွေများ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြသည်။
၎င်းနောက် Shan FC (Southern)အသင်းကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး