ညောင်ရွှေ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့်လျှပ်စစ်နှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၉)ရက် နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်ရှိ သက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားရာ၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် ဘေးအန္တရာယ်အမျိုးမျိုး၏ အကျိုးဆက်များကြောင့် စားနက်ရိက္ခာဖူလုံမှုမရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှုများ၊ လူမှုစီးပွားရေးဘဝ အကြပ်အတည်းများ ဖြစ်ပေါ်လာပြီး ကလေးများအား အသက်ငယ်ရွယ်ချိန်တွင် ကလေးအလုပ်သမားအဖြစ် ရောက်ရှိအောင် တွန်းပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးများအား ကာကွယ်စောင့်ရှောက်ပေးရန်အတွက် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း သလို ရှမ်းပြည်နယ်တွင်လည်း ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ခုကို ဖွဲ့စည်းပြီး ပြည်နယ်အတွင်း ကလေးအလုပ်သမား လျော့နည်းပပျောက် စေရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သင်တန်း(၇)မျိုးမှ သင်တန်းသား (၁၄၀)ဦး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် သင်တန်း(၆)မျိုးမှ သင်တန်းသား (၁၂၅)ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သင်တန်း(၁၀)မျိုးမှ သင်တန်းသား (၂၂၇)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသက်မွေးပညာသင် တန်းမှတဆင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိပြီး မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင် ငွေ တိုးတက်စေရေးတို့အတွက် ဆောင်ရွက်နိုင်ကြပါစေလို့ ပြောကြားလိုပါကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းစားစရိတ် ထောက်ပံ့ငွေပေးအပ်ရာ သင်တန်း ကျောင်း ကျောင်းအုပ်ဆရာကြီးကလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးက သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ရာ လျှပ်စစ်သင်တန်းဆရာကလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး က သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ စက်ချုပ်သင်တန်းဆရာမကလည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ သင်တန်းတက်ရောက် သင်ကြားနေမှုများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သက်မွေးပညာသင်တန်း လျှပ်စစ်အခြေခံသင်တန်းသို့ သင်တန်းသား (၂၅)ဦး၊ စက်ချုပ်အခြေခံသင်တန်းသို့ သင်တန်းသား (၂၅)ဦး တက်ရောက် သင်ကြားလျှက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့ မဟာရန်အောင်ဘုရားတွင် ရောက်ရှိနေကြသည့် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၈၂)ဦး၊ လောကသကျမာရဇိန် စေတီတော်ရှိ (၂၂၄)ဦး၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်းရှိ (၃၃၉)ဦးနှင့် အဌဒိသာဓမ္မဝိဟရ ဒေသစာရီကျောင်းတော်ရှိ (၁၈၂)ဦးတို့အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ပြည်နယ်အစိုးအဖွဲ့မှ ထောက်ပံ့ငွေများ၊ အဝတ်အထည်များ၊ ကျောင်းဝတ်စုံများ ပံ့ပိုးကူညီ ပေးအပ်ခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညောင်ရွှေမြို့အတွင်းရှိ ညဈေးတန်းပြုလုပ်မည့် လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး