တောင်ကြီး ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၁၈)ရက် ည(၇)နာရီခွဲက ရှမ်းပြည်နယ် တောင်ကြီးမြို့၊ တောင်ကြီးဂေါက်ကလပ် ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဖိတ်ကြားထား သောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် တစ်ဦးချင်းနှင့် အသင်းလိုက် အမျိုးအစားအလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဆုဖလားရရှိသွားသည့် အောင်ပန်း(က)အသင်းအား ပြည်နယ်ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံခြင်းကို ဒီဇင်ဘာ(၁၄)ရက် ညနေ(၅)နာရီခွဲတွင် တောင်းမြို့ ဂေါက်ကလပ်၌ပြုလုပ်ခဲ့ပြီး ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၅)ရက် နံနက် (၇)နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက Smoke Ball များရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအား (၁၅.၁၂.၂၀၂၃)ရက်မှ (၁၈.၁၂.၂၀၂၃)ရက်အထိ တောင်ကြီးမြို့ ဂေါက်ကွင်းနှင့် အေးသာယာဂေါက်ကွင်းတို့တွင် ကျင်းပြုလုပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသား(၄၅)သင်း၊ အမျိုးသမီး(၈)သင်း စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမား (၂၂၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး