တောင်ကြီး ဒီဇင်ဘာ ၈
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး ဆောင်ပုဒ်ဖြင့် လူမှုဝန်ထမ်းဦးစီး ဌာနမှကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာန၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး ဒေါ်နှင်းဝေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ပြုံးပြုံးမော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက် နေ့အထိကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှု ကာလဖြစ်ပါကြောင်း၊ ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ ပပျောက်ရေးအတွက် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှု ဗဟိုဌာန ( Center for Women’s Global Leadership )က နိုင်ငံတကာလှုပ်ရှားမှု အသွင်ဖြင့် (၁၆)ရက်တာလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ကြတာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေစာရင်းအရ ကမ္ဘာ့အမျိုးသမီးဦးရေ (၄၀၃၁)သန်းရှိသည့်အနက် နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးဦးရေ ခန့်မှန်းခြေ (၇၃၆)သန်းရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ( UNCEDAW – United Nations Convention on the Elimination of All forms of Discrimination Against Women ) ကိုပါဝင်လက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရန် ဥပဒေများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ကြရမှာဖြစ်ကြောင်း၊ ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုဆောင်ပုဒ်ဖြစ်သည့်“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဟူသောဆောင်ပုဒ်အတိုင်း အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့်အချိန်အတွင်း လိုအပ်သည့် ဝန်ဆောင်မှုများ လွယ်လင့်တကူရရှိနိုင်ရေး ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးကို ဦးတည်ဆောင်ရွက် ပေးကြစေလိုကြောင်း ထည့်သွင်းပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယက ဒေါ်နှင်းဝေက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee For Women’s Affairs)ကို နိုင်ငံတော် အမျိုးသမီးရေးရာအဖွဲ့ချုပ် (Myanmar Women Affair’s Federation – MWAF) အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူမှုရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ လူမှုရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အမျိုးသမီးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများ ပေးနိုင်ရန်ဆိုသည့် ချမှတ်ထားသော မူဝါဒနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီများမှလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်း၊ အမျိုးသမီးများ၏ ဘဝ မြှင့်တင်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံစေရေး၊ ကျား၊ မ တန်းတူညီမျှရေးတို့တွင် ယခုထက်ပိုမို ပူးပေါင်းလုပ်ဆောင် သွားမည့် အဖွဲ့အစည်းများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း ထည့်သွင်းပြောကြားသွားသည်။
၎င်းနောက် ဧည့်သည်တော်များသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ပညာပေးVideo Clipကို ကြည့်ရှု့ကြပြီး လူထုအခြေပြုဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် တိုင်းမှူးဇနီး တို့က ကလေးများအား မေတ္တာလက်ဆောင်များကိုလည်းကောင်း၊ လူထုအခြေပြုဗဟိုဌာန၊ တောင်ကြီးနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ တာဝန်ရှိသူတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး