တောင်ကြီး နိုဝင်ဘာ-၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသမီး ဗိုလ်လုပွဲစဥ်အဖြစ် ပင်လောင်းမြို့နယ်အသင်းနှင့် ရပ်စောက် အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပင်လောင်းမြို့နယ်အသင်းက အနိုင်ရရှိပြီး အမျိုးသားပြိုင်ပွဲတွင် တောင်ကြီးမြို့နယ် အသင်းနှင့် နောင်ချိုမြို့နယ်အသင်း ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲပြီး ပြိုင်ပွဲ ယှဥ်ပြိုင်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအကောင်းဆုံး ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆု၊ နောက်ထိန်းဆု ရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဇနီးက ဆုတံဆိပ်နှင့်ငွေသား ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား အကောင်းဆုံး ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆု၊ နောက်ထိန်းဆု ရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆုတံဆိပ်နှင့် ငွေသားဆုကို ချီးမြှင့်ပေး၍ လည်းကောင်း၊အမျိုးသမီး ပူးတွဲတတိယဆုရှိသော ကလောမြို့နယ် အသင်း၊ နောင်ချိုမြို့နယ်အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသော လင်းခေးမြို့နယ်အသင်း၊ မိုင်းပျဥ်းမြို့နယ် အသင်းတို့ကို ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး ပိုက်ကျော်ခြင်း ဒုတိယဆုရရှိသော ရပ်စောက်မြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးကချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုး သား ဒုတိယဆုရရှိသော နောင်ချိုမြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော ပင်လောင်းမြို့နယ် အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားပွဲတွင် ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး ပထမဆုရရှိသော ပင်လောင်းမြို့နယ်အသင်းနှင့် အမျိုးသားပထမဆုရရှိသော တောင်ကြီးမြို့နယ် အသင်းအား ပထမဆု ဖလားများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး