ကျိုင်းတုံ သြဂုတ်-၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တိုးဖြူကျေးရွာတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို သြဂုတ်(၂၄)ရက် နံနက်(၇)နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ရာ မိုင်းဇင်းကျေးရွာတောင်သူ ဦးညီလင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော “ဆင်းဧကရီ” စပါးခင်းအတွင်း မြေသြဇာ ကျွေးနေမှုကို ကြည့်ရှုခြင်းနှင့် သက်တမ်း(၁၃၅)ရက်ရှိသော စပါးမျိုးကို နမူနာပြု၍ မြေသြဇာထည့်သွင်းချိန်ပြ ဇယားကို ကျိုင်းတုံခရိုင် ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းမှ တောင်သူများအားရှင်းလင်းခြင်း၊ မြေအသုံးချဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ မြေသြဇာစပ်နည်းနှင့် အသုံးပြုပုံတို့ကို တောင်သူများအား ရှင်းလင်းနေမှုတို့ကိုကြည့်ရှုုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနပြည်နယ်မှူးနှင့် ကျိုင်းတုံခရိုင်ဒုတိယပြည်နယ်ဦးစီးမှူးတို့က တောင်သူ(၈၀)ဦး၊ ဧက(၈၀)အတွက် ဓါတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျိုင်းတုံ-လွိုင်မွေသွား ကားလမ်းဘေးရှိ ဦးစိုင်းလျို မွေးမြူထားသော ဟော်လန်နို့စားနွားခြံတွင် နွားကောင်ရေ(၅၅)ကောင်နှင့် ကြက်ကောင်ရေ (၂၀၀၀) မွေးမြူထားရှိမှုကို သွားရောက် ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး