တောင်ကြီး မတ်-၉
တစ်မျိုးသားလုံး အသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြင့်တင်ဆောင်ရွက်ရေး ဟူသောဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မတ်(၉)ရက်နံနက်(၉)နာရီက ၂၀၂၅ခုနှစ်၊ ရှမ်းပြည်နယ်နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲကို တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လူငယ်လူရွယ်များ အားကစားကိုချစ်မြတ်နိုးပြီး အားကစားစိတ်ဓါတ် ရင့်သန်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိအသုံးချတတ်စေရေး၊ အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီးအရည်အချင်းမြင့်မားသည့် အားကစားကောင်းများ ပေါ်ထွက်လာရေးတို့အတွက် နှစ်စဥ်နှစ်တိုင်း နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုနွေရာသီအားကစားသင်တန်းများကို တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြဆရာများက ခေတ်မှီနည်းစနစ်များနှင့် စနစ်တကျအရှိန်အဟုန်မြင့်တင်၍ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်သည့်အတွက် မိမိတို့သင်ကြားသည့် အားကစားနည်းများအလိုက် ထူးချွန်သူများဖြစ်လာအောင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မည့် လူတော်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး အ.ထ.က(၇)ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော အားကစားအထောက်အကူပြုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်၍လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အားကစားနည်းအလိုက် အားကစားအထောက်အကူပြုပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြဆရာများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
၎င်းနောက် မြန်မာ့သိုင်းအားကစားနည်း၊ ဗိုဗီနမ်အားကစားနည်း၊ ဝူရှုူးအားကစားနည်းအလိုက် သရုပ်ပြတင်ဆက်မှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်းနှင့် အဆိုပါရှမ်းပြည်နယ်နွေရာသီအခြေခံ အားကစားသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၁၄၂၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး