ညောင်ရွှေ မတ်-၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် မတ်လ(၁)ရက် နံနက်(၈)နာရီက ကလောခရိုင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ရုပ်ပွားတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း၍ အလှူငွေများဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က အင်းလေးဖောင်တော်ဦးဘုရားရှိ ဆိုလာမီးအတွက် အလှူတော်ငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်လှူဒါန်းပေးရာ ဘုရားဂေါပကတာဝန်ရှိသူများ မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။
အဆိုပါ အင်းလေးဖောင်ဦးဘုရားရှိ ဆိုလာမီးသည် ကီလို(၅၀)ဝပ်ထွက်ရှိ၍ (၂၄)နာရီလျှပ်စစ်မီးရရှိပြီး ကုန်ကျမှုမှာ ကျပ်သိန်း(၂)ထောင်ကျော်ကုန်ကျကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောခရိုင် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရား၊ ဗုဒ္ဓသာသနာထိန်ထိန်လင်း ဓမ္မာရုံ၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့ ပူးပေါင်း၍ သမားတော်ဆရာကြီးများမှ အထူးကုကွင်းဆင်း ဆေးကုသပေးနေမှုနှင့် အင်းလေးဒေသရှိပြည်သူများမှ ဆေးလာရောက်စမ်းသပ်ကုသနေမှုကိုကြည့်ရှု၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးလာရောက်ကုသပေးသောအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ သမားတော်ကြီးများမှ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီယပ်ရောဂါ စမ်းသပ်ကုသပေးပြီး ကိုဗစ်(19)ကာကွယ်ဆေးများ ထိုးပေးကြကြောင်း သိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းလေးဖောင်တော်ဦးဘုရားရှိ ဆိုလာမီးတပ်ဆင်ထားရှိမှုအား ကြည့်ရှုပြီး သဘာဝဘေးဒဏ်ကြောင့် အင်းလေးရေလယ်ဧည့်ခန်းမ အပြင်ဘက်ရှိ လျှောက်လမ်းတံတားအချို့ ပျက်စီးသွားမှု ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး