တောင်ကြီး ဖေဖေါ်ဝါရီ-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖေါ်ဝါရီလ(၅)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် (၃၂၀)ဦးဆံ့ (သီတာဆောင်၂)အိပ်ဆောင်ဖွင့်ပွဲခမ်းအနားသို့ တက်ရောက်ကြောင်းသိရသည်။
ဦးစွာ တောင်ကြီးပညာရေးဒီဂရီကောလိပ်(၃၂၀)ဦးဆံ့ (သီတာဆောင်၂)အိပ်ဆောင်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိပ်ဆောင်အား လှည့်လည် ကြည့်ရှုကြကြောင်းသိရသည်။
ထို့နောက် တောင်ကြီးပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံအတွက် လိုအပ်သော ပညာအခြေပြုလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်သော ဆရာကောင်း၊ ဆရာမကောင်းများဖြစ်လာစေရန်အတွက် ဆရာအတတ်ပညာများကို လေ့ကျင့်သင်ယူရာတွင် ဘက်စုံကဏ္ဍအတွက် အားကစားကိုလည်း ပူးတွဲ၍ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဆရာအတတ်ပညာကျောင်းသား၊ ကျောင်းသူများသည် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့်စံတန်ဖိုးများဖြစ်သော လူတိုင်းအကျုံးဝင်မှု၊ ကျောင်းနေပျော်၍ စာတော်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအလေးထားမှု၊ အကောင်းဆုံး သင်ကြားသင်ယူမှု၊ ဘက်စုံပညာဖွံ့ဖြိုးမှု၊ ဗလငါးတန်ဖွံ့ဖြိုးမှု၊ စုပေါင်းဆောင်ရွက်တတ်မှု၊ ဆန်းသစ် သော နည်းပညာများလက်ခံမှုတို့ကို ဘက်စုံပညာအတွက် အားကစားကို ပူးတွဲဆောင်ရွက် ကြရမည်ဖြစ်ကြောင်းပြောကြားသည်။
၎င်းနောက် အားကစားပြိုင်ပွဲအထိမ်းအမှတ်(Trophy)ကို တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းကြူဦးက ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်အားပေးအပ်ပြီး ပညာ့ဂုဏ်ဆောင်ကျောင်းတော်သာ ကျောင်းသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြဖျော်ဖြေကြ၍ ပြည်နယ်ဝန်ကြီးချုပ်မှ ကပြဖျော်ဖြေပေးကြသောအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးတို့က လက်ခံရယူကြကြောင်းသိရသည်။
ယင်းနောက် Fitness Dance အသင်း(၅)သင်းမှ ပါဝင်ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး