တောင်ကြီး ဖေဖေါ်ဝါရီ-၄
တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်ရှိ MSMEs အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်းရှင်များ ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးအခက်အခဲ မရှိစေရေး လျှပ်စစ်ဆိုလာမီးစနစ်ဆောင်ရွက်ရန် ဖေဖေါ်ဝါရီလ(၄)ရက်၊ နံနက်(၁၀)နာရီက အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လျှပ်စစ်ဆိုလာစနစ် ဆောင်ရွက်မည့်ကုမ္မဏီနှင့် လုပ်ငန်းရှင်များတွေ့ဆုံကြောင်းသိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လျှပ်စစ်ဆိုလာမီးစနစ် ဆောင်ရွက်မည့်နေရာကို လာရောက်ကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ လျှပ်စစ်ဆိုလာ မီးစနစ်နှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် စက်မှုလုပ်ငန်းရှင် အများဆုံးရှိသည့်နေရာဖြစ်၍ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း၊ မြို့တစ်မြို့လျှပ်စစ်မီးရရှိရေးအတွက် အားလုံးကန်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်များလည်း စနစ်တကျရှိရန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျူးကျော်ကိစ္စရပ်များသည်လည်း သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့်စည်းမျဥ်း စည်းကမ်းအတိုင်း ဆောင်ရွက်ပေးကြရန်၊ မြေပြင်တွင်ဆောင်ရွက်နေသောအဖွဲ့သည် အခက်အခဲ များကို တင်ပြပေးရန်လိုအပ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စနစ်တကျရှိစေရေးအတွက် အားလုံးကပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဓိက ပြောကြားလိုသည်မှာ လျှပ်စစ်ဆိုလာမီးကိစ္စရပ်များအောင်မြင်စေလိုကြောင်းနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိအောင် လာရောက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များဆောင်ရွက်ပေးနေသလို ပြည်သူများကလည်း စည်းကမ်းစနစ်တကျရှိရန် လိုအပ်ကြောင်းပြောကြားသည်။
၎င်းနောက် UniEngergy ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ လျှပ်စစ်ဆိုလာမီးစနစ်ဆောင်ရွက်မည့် ကိစ္စရပ်များရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများမှ ဆွေးနွေးကြ၍ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ပါက ပြည်သူများနှင့် လုပ်ငန်းရှင်များအတွက် အဆင်ပြေမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မြေပြင်တွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စက်မှုဇုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အကြံပြုပြောကြား သွားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အေးသာယာစက်မှုဇုန်အတွင်း လျှပ်စစ်ဆိုလာစနစ်ဆောင်ရွက်မည့်နေရာအား သွားရာက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရပြီး အဆိုပါလျှပ်စစ်ဆိုလာမီးစနစ်ကို Phase(1)(၁၈)ဧကတွင် (5)မဂ္ဂဝပ်ကို အေးသာယာစက်မှုဇုန်နှင့် Phase(2) (၁၂)ဧကတွင် (5)မဂ္ဂဝပ်ကို ပြည်သူများအတွက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း အပြီးသတ်လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (တောင်ကြီး) အဝင်လမ်းဘေးကွန်ကရစ်ရေနုတ်မြောင်းဖုံးအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းအဝင် လမ်းအား ကျောင်းအဝင်ဂိတ်ပေါက်နှင့် တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး