အေးသာယာ ဇန်နဝါရီ-၂၄
နည်းပညာတက္ကသိုလ်(တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ရှမ်းပြည်နယ်နေ့အကြို PROJECT ပြပွဲ(2025)ကို ဇန်နဝါရီလ(၂၄)ရက်၊ နံနက်(၉)နာရီက အေးသာယာမြို့၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ နည်းပညာတက္ကသိုလ်(တောင်ကြီး) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ မြကျွန်းညိုညို တေးသီချင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်သီဆိုဖျော်ဖြေခြင်း၊ နည်းပညာတက္ကသိုလ် (တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများမှ မျိုးဆက်သစ်အင်ဂျင်နီယာတို့၏ အားမာန်တေးသီချင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်သီဆိုဖျော်ဖြေပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နည်းပညာတက္ကသိုလ်(တောင်ကြီး)ကို ၁၉၉၂ ခုနှစ်တွင် စက်မှုလက်မှုသိပ္ပံအနေဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး အစိုးရနည်းပညာကောလိပ်၊ နည်းပညာတက္ကသိုလ်စသည်ဖြင့် အဆင့်မြှင့်တင်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း(၃၃)နှစ်ရှိပြီဖြစ်၍ အင်ဂျင်နီယာနှင့်မဟာဘွဲ့ရ (၃၅၆၈)ဦးခန့် မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် KG+12 အောင်မြင်ပြီး ပထမနှစ်ဝင်ခွင့်ရရှိသူ(၂၀၁)ဦး တက်ရောက်သင်ကြားခွင့်ရရှိခဲ့ပြီး နည်းပညာတက္ကသိုလ်(တောင်ကြီး)၏ ဘွဲ့ကြိုနှင့်ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၁၃၇၆)ဦးနှင့် ပိုလီတက္ကနစ်တက္ကသိုလ်(လားရှိုး) အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူ(၃၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၄၁၄)ဦးခန့် တက်ရောက် ပညာသင်ကြားနေမှုကို သိရှိရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ နည်းပညာတက္ကသိုလ် (တောင်ကြီး)တွင် အင်ဂျင်နီယာဘာသာရပ်(၆)ခု ဖွင့်လှစ်သင်ကြားပေးနေပြီး အဆိုပါဘာသာရပ် (၆)ခုသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ပဏမအရည်အသွေးအသိအမှတ်ပြုလက်မှတ် ရရှိထားပြီး ရလဒ်အခြေပြု(Outcome Based Education) တက္ကသိုလ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သိရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ဆရာ၊ ဆရာမများ၏ သုတေသနနယ်ပယ်ဆောင်ရွက်ချက်များမှ အတွေ့အကြုံနှင့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများအား ဖြန့်ဖြူးပြန့်ပွားနိုင်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကို မြေတောင်မြှောက်ပေးရန်နှင့် ဒေသအကျိုးပြု နည်းပညာဆိုင်ရာ ထုတ်ကုန်များပေါ်ထွက်လာစေရန်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်အတူ ပရောဂျက်ပြပွဲကို ထည်းသွင်းကျင်းပပြုလုပ်ရခြင်းသည် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူ ရပါကြောင်း၊ ပရောဂျက်ပြပွဲတွင် ဒေသတွင်းပြည်သူလူထုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်ထုတ်ကုန်များရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ပြုနိုင်ရန် ရှေးရှုပြီး အင်ဂျင်နီယာပညာရပ်များကို စာတွေ့ရော၊ လက်တွေ့ပါနှစ်ရပ်စလုံးထူးချွန်ထက်မြက်အောင် လေ့လာသင်ယူကြရန်ပြောကြားသွားသည်။
၎င်းနောက် တောင်ကြီးတက္ကသိုလ်၌ ကျင်းပပြုလပ်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရှမ်းပြည်နယ်တက္ကသိုလ်၊ ကောလိပ်အဆင့်၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲမှ တက္ကသိုလ်အလိုက် ဆုရရှိသူများနှင့် နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ကပြဖျော်ဖြေပေးကြသည့် နည်းပညာတက္ကသိုလ်(တောင်ကြီး) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပေးအပ်ရာ နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းအုပ် ပါမောက္ခချုပ်ဒေါက်တာခင်ထိုက်ထိုက်လွင်မှ လက်ခံရယူပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အသီးသီးဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက် နည်းပညာတက္ကသိုလ်ကျောင်းသားများမှ “T Square´´ ယိမ်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်ကပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူနှစ်ဦးမှ လက်ခံရယူကြသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများမှ ပန်းတိုင်ပွင့်မည်မြန်မာပြည်သီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ကပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများ၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ရှမ်းပြည်နယ်နေ့အကြို Project ပြပွဲ(2025)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းထားသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး သောက်ရေသန့်စက်တို့ကို လှည့်လည် ကြည့်ရှုကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး