တောင်ကြီး ဇန်နဝါရီ-၁၆
ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီ(၁၅)ရက်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်(ကျောက်နီစိုက်ကွင်း)အတွင်း နွားမွေးမြူရေးဇုန်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားမွေးမြူရေးဇုန်သို့ သွားရောက်မည့်အဝင်တွင် ဆေးဖျန်းဂိတ်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ဆေးဖျန်းဂိတ်တွင် လျှပ်စစ်မီးတပ်ဆင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဇုန်အတွင်းမွေးမြူမည့်နွားများ မဝင်ရောက်မည်နေ ထားရှိနိုင်ရန် နွားရုံတည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားမွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမသို့သွားရောက်ရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မွေးမြူရေးဇုန်များနှင့် ဇုန်အတွင်းမွေးမြူမည့် နွားအမျိုးအစားများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျောက်နီစိုက်ကွင်းရှိ မွေးမြူရေးမြေဧရိယာ(၆၅၉.၀၀)ဧက အတွင်း၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ဇုန်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှုပြီးစီးအချို့ကို ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှင်းလင်းတင်ပြချက်အပေါ် မွေးမြူရေးဇုန်ကော်မတီနှင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းထားရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်မီးကဏ္ဍတွင်လည်း ဆောင်ရွက်ပြီးစီးပါက စီမံခန့်ခွဲရေးကော်မတီသို့ လွဲပြောင်းပေးအပ်ရန်နှင့် လုပ်ငန်းစဥ်အတိုင်းဆောင်ရွက်ပေးကြရန်၊ အဝင်ဆေးဖျန်းဂိတ်တွင်လည်း ဆောင်ရွက်ပြီးစီးသွားသော်လည်း အချို့ကျန်ရှိနေမှုများကို အပြီးသတ်ဆောင်ရွက်ပေးကြရန်နှင့် ဇုန်အတွင်းအရိပ်လည်းရပြီး စားပင်သီးပင်များစိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ စီမံခန့်ခွဲမှုကော်မတီကို သေချာဖွဲ့စည်းပေးရန်နှင့် နွားမွေးမြူရေးဇုန်သည် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းပါကြောင်း၊ သက်ဆိုင်ရာမွေးမြူရေးလုပ်ငန်းရှင်များကလည်း စံပြမွေးမြူရေးဇုန်ဖြစ်အောင် ကြိုးစားပေးကြရန်နှင့် လိုအပ်သည်များရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဇုန်အတွင်းနယ်နိမိတ်ထင်ရှားအောင် မိမိဇုန်များတွင် သစ်ပင်စိုက်ပျိုးပေးရန်အကြံပေးလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အကြံပြုဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားမွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ပြီးစီးသွားသည့်ရဟတ်ယာဥ်ကွင်း၊ SUPER SEVEN STARS AGRI TECH CO.,LDT မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နွားမွေးမြူထားသည့်ရုံနှင့် ဦးလှိုင်မြင့်မွေးမြူထားသည့် နွားမွေးမြူရေးရုံ၊ ဇုန်အတွင်းရှိဆည်များကို သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စက်မှုလယ်ယာဦးစီးဌာနနှင့် “မြင့်နှင့်ဇော်´´ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၅၊ ၆၆) စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက(၉၀) ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက်တောင်သူများမှ ယခုလိုစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကဖော်ထုတ်မှုကို နောင်နှစ်များတွင်လည်း ထပ်ရလိုပါကြောင်း၊ တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ကျေးရွာတွင်လည်း ဧက(၃၀၀)ရရှိလိုကြောင်း၊ တောင်သူများ စပါးရိတ်သိမ်းပြီးချိန်တွင် နေအိမ်သို့အချိန်မီပေးပို့နိုင်သောကြောင့် ဝမ်းသာပီတီဖြစ်ရပါကြောင်းနှင့် မိုးရာသီတွင် မုဆိုးမဆည်မှ ရေများလျှံကျမှုကြောင့် စပါးခင်းအတွင်းရေများဝင်ရောက်သဖြင့် ရေထိန်းတံခါးဆောင်ရွက်ပေးစေလိုကြောင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏တင်ပြချက်များအပေါ် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား စိုက်ပျိုးရေးအထွက်ကောင်းရန်အတွက် စိုက်ပျိုးရေးဌာနမှ နည်းပညာအတိုင်းဆောင်ရွက်ပေးကြရန်၊ နောင်နှစ်များတွင်လည်း ဆီထွက်သီးနှံများ စိုက်ပျိုးပေးကြရန်လိုအပ်ပါကြောင်း၊ တောင်သူများဝင်ငွေကောင်းပါက ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မြေဧကဖော်ထုတ်ပေးခြင်းဖြင့် ကုန်ထုတ်လမ်းများလည်း ပါဝင်လာမည်ဖြစ်ပြီး ရေရှည်ကောင်းမွန်အောင်ထိန်းသိမ်းပေးကြရန် ပြောကြားသွားကြောင်းသိရှိရပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်နေမှုကို ကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့