ကျိုင်းတုံ ဇန်နဝါရီ-၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ဇနီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီလ(၂)ရက်၊ နံနက်(၇)နာရီခွဲက ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းသို့ သွားရောက်၍ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒ(ဝစီပိတ်)ဆရာတော်အား ဖူးမြော် ကြည်ညို၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒန်းပေးကြပြီး ငါးပါးသီလခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ နမ့်ခင်ချောင်းအတွင်း ဇိဝိတဒါနငါးများလွှတ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းတုံမြို့ဗုဒ္ဓဥယျာဥ်တော်သို့ သွားရောက်၍ ဥယျာဥ်တော်အတွင်းရှိ ကမ္မဝိသုဒ္ဓိခဏ္ဍသိမ်တော်၊ ပရိနိဗ္ဗာန်စံတော်မူရာကုဿိနာရံ(စံ)နှင့် သတ္တ သတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ပေးကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီး ရပ်တော်မူဘုရားကြီး ဘက်စုံမွမ်းမံပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဘုရားဂေါပက တာဝန်ရှသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်းသို့ သွားရောက်၍ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် ဆရာမများမှ ဟော်နန်းအား စော်ဘွားကြီးများအုပ်ချုပ်မှုအစဉ်အဆက်သမိုင်းနှင့်ပတ်သက်၍ TV Touch Screen ဖြင့် ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ဟော်နန်းအတွင်းအပြင် လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ စွမ်ခမ်းစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီးဘက်စုံမွမ်းမံပြုပြင်နေမှုကို ကြည့်ရှုရာ ဘုရားဂေါပကတာဝန်ရှိသူတစ်ဦးမှရှင်းလင်းကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့