တောင်ကြီး ဒီဇင်ဘာ-၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲကို ဒီဇင်ဘာလ(၂၃)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်MSMEအေဂျင်စီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆန်ကို ပြည်တွင်းဖူလုံသည့်အပြင် ပြည်ပကိုနှစ်စဥ်တန်ချိန်သန်းနှင့်ချီ၍ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ စားသုံးဆီကို ပြည်ပနိုင်ငံမှ နှစ်စဥ်မြောက်များစွာတင်သွင်း၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုရာတွင် ဒေသအလိုက် ဆန်စက်၊ ဆီစက်များ၊ ပဲခွဲစက်များအဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ပြီး လိုအပ်ပါက ညှိနှိုင်းပေါင်းစပ်မှုမျိုး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ သက်ဆိုင်ရာမြို့နယ်များရှိ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များကို ပုဂ္ဂလိက လုပ်ငန်းစက်မှုဥပဒေနှင့် အကြုံးဝင်သည့် အနေအထားမျိုးဖြစ်အောင် အသစ်တည်ဆောက်ပြီးသည့်ဆန်စက်၊ ဆီစက်များကို စက်မှုမှတ်ပုံတင်ဖြင့်ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စက်မှုလုပ်ငန်း များကို စက်ပစ္စည်းတိုးချဲ့၍ အဆင့်မြှင့်တင်ခွင့်ပြုမှုများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ ယခင်ကအသုံးပြုခဲ့သော စက်များသည် စွမ်းဆောင်နိုင်မှုစွမ်းရည်မှာ လက်ရှိခေတ်ကာလနှင့်အညီ အဆင့်မြှင့်တင်ရန်လိုအပ်နေသဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည်စိုက်ပျိုးရေးကိုအခြေခံသောကြောင့် ကုန်ကြမ်းထွက်ရှိမှု အများဆုံးရှိပါကြောင်း၊ ဆန်စက်၊ ဆီစက်မှထွက်ရှိသော ဖွဲနု၊ ပဲဖက်ကုန်ကြမ်းများသည် တိရစ္ဆာန်အစားအစာအတွက် အထောက်အကူပြုပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒအရ ပြည်ပမှကုန်ကြမ်းများ တင်သွင်းလာမှုကို အနည်းဆုံးဖြစ်ရန်နှင့် သွင်းကုန်လျှော့ချရေးနှင့် ပို့ကုန်မြှင့်တင်ရေးကိစ္စရပ်များကို ဆောင်ရွက်နေပါကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ လာမည့် ၂၀၂၅-၂၀၂၆ခုနှစ်တွင် ပြည်ပမှစားသုံးဆီတင်သွင်းမှုများ ရပ်တန့်စေရန်နှင့် ပြည်တွင်းရှိဆီစက်လုပ်ငန်းများ တိုးတက် စေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကိုလည်း ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်နေပါကြောင်း၊ ထွက်ရှိလာသည့် ပဲ၊ နမ်း၊ ပဲပုပ်အစရှိသော ဆီထွက်သီးနှံထွက်ကုန်များ လုံလောက်စွာနှင့် အဆင့်မီစွာ ကြိတ်ခွဲနိုင်ရန်အတွက် ဆီစက်များအဆင့်မြှင့်တင်ရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အစည်းအဝေးတက်ရောက်လာကြသော လုပ်ငန်းရှင်များက ဆွေးနွေးအကြံပြုပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရကို တင်ပြပေးရမည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က ဆန်စက်၊ ဆီစက်လုပ်ငန်းများနှင့်ချေးငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဆွေးနွေး၍လည်းကောင်း၊ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များအသင်း ဆီလုပ်ငန်းရှင် များမှ မိမိတို့တွေ့ကြုံနေရသည့် အခက်အခဲများကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များမှဆွေးနွေးတင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့