တောင်ကြီး ဒီဇင်ဘာ-၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ကြီးမြို့ပေါ်အသင်းတော်များ ခရစ္စမတ်မိတ်ဆုံစားပွဲကို ဒီဇင်ဘာလ(၂၃)ရက်၊ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ ရှမ်းပြည်နယ်နှစ်ခြင်းခရစ်ယာန်ကျမ်းစာသင်ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် Rev.Drဦးစောခါးရီထူး(သင်းအုပ်၊ကရင်နှစ်ခြင်းအသင်းတော်)က အဖွင့် ဆုတောင်းခြင်း၊ Rev.ဦးအမ်ယော (ဥက္ကဋ္ဌ၊တောင်ကြီးခရစ်ယာန်အသင်းတော်များကောင်စီ) က ကြိုဆိုနုတ်ဆက်စကားပြောကြားပြီး ကက်သလစ်အသင်းတော်အဖွဲ့မှ သီချင်းဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ခရစ္စမတ်ကြိုဆို နုတ်ခွန်းဆက်စကားပြောကြားရာ မြန်မာပြည်မှာရှိသည့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဒီဇင်ဘာလရောက်တိုင်း အရှင်ယေရှုဘုရားလူ့ဇာတိခံယူမွေးဖွားလာခြင်းအထိမ်းအမှတ်ဖြစ်သော ခရစ္စမတ်ပွဲတော်ကို နည်းလမ်းမျိုးစုံဖြင့် ကျင်းပကြသည့်ကို သိရပါကြောင်း၊ အရှင်ယေရှုလောကသို့ ကြွလာခြင်းသည် ကမ္ဘာလောကကြီးကို အလင်းပေးရန်အတွက်နှင့် လူများ၏ခန္ဓာစိတ်နှလုံး အေးချမ်းခြင်းရစေနိုင်သောနည်းလမ်းများ ပေးရန်အတွက် မွေးဖွားလာခြင်းဖြစ်သောကြောင့် လူတိုင်းပျော်ရွှင်သော ခရစ္စမတ်ရက်မြက်ဖြစ်ပါစေလို့ ပြောကြားသွားသည်။
၎င်းနောက် Rev.Drဦးစောခါးရီထူး (သင်းအုပ်၊ကရင်နှစ်ခြင်းအသင်းတော်)က ပြည်နယ် ဝန်ကြီးချုပ်အား ခရစ္စမတ်လက်ဆောင် ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က အသင်းတော်ဆရာတော်များနှင့် သီဆိုဖျော်ဖြေပေးကြသော ကက်သလစ်အသင်းတော်များအား ခရစ္စမတ်လက်ဆောင်များပေးအပ်ပြီး Rev.D.ဆေးထန်(ကျောင်းထိုင်ဆရာတော်၊ အင်္ဂလီကန် အသင်းတော်)မှ ဆုတောင်းမေတ္တာပို့သခြင်း၊ ပရိသတ်များမှ သီချင်းသီဆိုခြင်းများဆောင်ရွက်၍ Fr.Sabino (အတွင်းရေးမှူး၊ တောင်ကြီးဂိုဏ်းချုပ် ကက်သလစ်သာသနာ)မှ ကောင်းချီမင်္ဂလာ ခံယူကာ Rev.ဦးအယ်ဒိုဝါး (ပထမတိုင်းရင်းသားပေါင်းစုံ နှစ်ခြင်းအသင်းတော်)မှ အစားအစာအတွက် ဆုတောင်းခြင်းကိုဆောင်ရွက်ပြီး ခရစ္စမတ်မိတ်ဆုံညစာ အတူတကွသုံးဆောင်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့