တောင်ကြီး နိုဝင်ဘာ-၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၀) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဓမ္မာရုံ၌ ရှမ်းပြည်နယ်ဗုဒ္ဒတက္ကသိုလ်ပါမောက္ခချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ မဟာဓမ္မထိကဗဟုဇနဆရာတော်ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ ၏ ဝါတော် (၂၀) သက်တော် (၆၀)ပြည့် မွေးနေ့အလှူမင်္ဂတော်အခမ်းအနားသို့ တက်ရောက်ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူရှင်များမှ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဘဒ္ဒန္တဓမ္မသာမိအား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆရာတော်အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်းသိရသည်။
ထိုမှ တစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသော ဥပဒေအသိပညာပြန့်ပွားရေးဆရာ ဖြစ်သင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း တက်ရောက်ခဲ့ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် ဥပဒေပညာ၏ ခက်ခဲနက်နဲသော အတွေးအခေါ်များအား နားလည်နိုင်မည်မဟုတ်သော်လည်း ဥပဒေ၏ အခြေခံသဘောတရားများကို ကောင်းမွန်စွာသိရှိနားလည်ပြီး အခြေခံပညာကျောင်းများရှိ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ကြားပြသနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားဆရာ၊ ဆရာမများအနေဖြင့် သင်ကြားနည်း ပညာ(Teaching Method)များကို တတ်ကျွမ်းပြီးသူများဖြစ်ကြသဖြင့် သင်တန်းမှရရှိမည့် သင်ရိုးညွှန်းတမ်းပါ ဥပဒေဘာသာရပ်များကို သင့်လျော်သည့်သင်ကြားနည်းစနစ်အသုံးပြုကာ Grade-11 နှင့် Grade-12 ကျောင်သား၊ ကျောင်းသူများအား ဥပဒေအသိပညာဘာသာရပ်ကို ထိရောက်စွာပြန်လည်ပို့ချပေးနိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဥ် ၁/၂၀၂၄ သင်တန်းဆင်းပွဲအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းဆရာ၊ ဆရာမများမှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သင်တန်းဆရာ၊ ဆရာမများအားရင်းရင်းနှီးနှီးနုတ်ဆက် ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့