တောင်ကြီး နိုဝင်ဘာ- ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ (၉) ရက်၊ နံနက် (၈) နာရီက တောင်ကြီးမြို့၊ စူဠာမုနိဘုရားအတက်လမ်းညာဘက်ရှိ အများပြည်သူများအပန်းဖြေအနားယူ၍ အားကစား လေ့ကျင့်ခန်းဆောင်ရွက်သည့်နေရာတွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများအမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ထားသော အမှိုက်ပုံးများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေရင်အေးလမ်းမီးသတ်ဦးစီးဌာနအနီးရှိ လမ်းဘေးဝဲ၊ ယာတွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ၎င်းနေရာတွင်မြေများညှိပြီး ပြည်သူများအားကစားလေ့ကျင့်နိုင်ရန် အတွက် အားကစားပစ္စည်းများဆောင်ရွက်ထားရှိပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ ဘုရားစေတီတော် ဘက်စုံမွမ်းမံပြုပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် ဌာနဆိုင်ရာများမှ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်ယှဥ်ပြိုင်မည့်နေရာ မဏ္ဍပ်ပြင်ဆင်ထားရှိမှုများနှင့် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နဖူးစည်းဆိုင်းဘုတ်ဆောင်ရွက်မည့်နေရာများကို ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့် စေတီတော်ဘုရားအတက်လမ်းညာဘက်ရှိ မြေထိန်းနံရံဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပမည့် အဝေရာမီးပုံးပျံကွင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ပွဲတော်မုဒ်ဦးများ၊ ပွဲစျေးတန်းများနှင့် MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ဒေသထွက်ကုန်ပြခန်းများကို ကြည့်ရှုစစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ရိုးရာအစဥ်အလာနှင့်အညီ နိုဝင်ဘာလ (၉)ရက်မှ (၁၅) ရက်အထိ ခုနှစ်ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာကျင်းပသွားရန် စီစဥ်ဆောင်ရွက်ထားသော်လည်း လက်ရှိမိုးလေဝသခန့်မှန်းချက်များ အရ ရာသီဥတုအခြေအနေအပေါ်မူတည်၍ အထက်ပါကျင်းပမည့်နေ့ရက်များအစား တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ရိုးရာမပျက် နိုဝင်ဘာ (၁၁) ရက်မှ (၁၇) ရက် အထိနေ့ရက် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် မီးပုံးပျံညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၄ လုံး၊ စုစုပေါင်းအလုံးရေ ၅၀၊ နေ့လွှတ်အအရုပ် ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ ခြေနှစ်ချောင်း ၁၄၇ လုံး ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် မီးပုံးပျံဝါသနာရှင်များ လာရောက်ကြည့်ရှုလည်ပတ်နိုင်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့