တောင်ကြီး နိုဝင်ဘာ-၂
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်း များ ရေစီးရေလာကောင်းမွန်ရေး၊ ချုံ၊ နွယ်၊ မြက်များမရှိစေရေးနှင့် စိုက်ပျိုးထားသော သစ်ပင်များ ရှင်သန်နေမှုတို့ကို နိုဝင်ဘာ (၂) ရက် နံနက် (၈) နာရီက အိမ်တော်နှင့် တောင်ကြီးဟိုတယ်ရှေ့ရှိ အများပြည်သူအပန်းဖြေသည့်နေရာ၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ သန့်ရှင်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူကွင်းဆင်းကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်ရုံးရှေ့ရှိ ဖုန်းကေဘယ် ကြိုးများ ထင်းရှုးသစ်ပင်နှင့်မလွတ်သည့် သစ်ကိုင်းသစ်ခက်များကို မီးသတ်တပ်ဖွဲ့မှ ရှင်းလင်း ဆောင်ရွက်နေမှုကို ကြည့်ရှူစစ်ဆေးပြီး လမ်းဘေးပလက်ဖောင်းဘေးရှိ ရေနုတ်မြောင်းနံရံ တစ်ပြေးညီ ဆေးသုတ်ရန် သက်ဆိုင်ရာစည်ပင်သာယာရေးဌာနအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ ဘုရားအတက်လမ်းဘေးရှိ အများပြည်သူအပန်းဖြေလေ့ကျင့်ခန်း ဆောင်ရွက်သည့်နေရာအား ကြည့်ရှုစစ်ဆေးရာ သန့်ရှင်းမှုရှိစေရန်နှင့် အပန်းဖြေနားနေသည့်နေရာ၌ သစ်ကိုင်းသစ်ခက် မလွတ်မှုအား ရှင်းလင်းဆောင်ရွက်ရန်နှင့် ရွှေရင်အေးလမ်းဘေးရှိ အသုံးမပြုသည့် လျှပ်စစ် ဓါတ်မီးတိုင်များ စနစ်တကျရှင်းလင်းဆောင်ရွက်ထားရှိရန် သက်ဆိုင်ရာဌာနများအားမှာကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ ဘုရားသို့သွားရောက်၍ ပန်း၊ ရေချမ်းဆက်ကပ်ပူဇော်ဖူးမြော်ကြည်ညိုပြီး စူဠာမုနိဘုရားအတွင်း၊ အပြင်ဘက်စုံ မွမ်းမံပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က မကြာမီ ၂၀၂၄ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပမည်ဖြစ်၍ ပွဲတော်အမီပြီးစီးနိုင်ရန်နှင့် ဘုရားအပြင်ဘက်ရှိ အုတ်တံတိုင်းနံရံအဖြူရောင်အောက်ခြေအား ညစ်ပေခြင်းမရှိစေရန် အညိုရောင် ကာတင်ဆေးသုတ် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဆောင်ရွက် မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် လာမည့်တနင်္လာနေ့တွင် စူဠာမုနိ လောကချမ်းသာဘုရားရင်ပြင်အား မီးသတ်တပ်ဖွဲ့မှ သန့်ရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြည့်ချုပ်နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းအား သက်ဆိုင်ရာဌာနများမှ ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့