မိုင်းတုံ သြဂုတ်-၁၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံတောင်သူများသည် သြဂုတ်(၁၇)ရက်မွန်းတည့် (၁၂)နာရီခွဲက မိုင်းတုံမြို့၊ မြို့မကျေးရွာအုပ်စု တောင်သူဦးဘောဂ၏ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး စံပြကွက် ဆင်းဧကရီ(၃) စုပေါင်းမြေသြဇာ ကြဲပက်နေမှုကို တက်ရောက်ကြည့်ရှု အားပေးရာမိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သက်တမ်း(၁၃၅)ရက် ရှိသော စပါးမျိုးကို နာမူနာပြု၍ မြေသြဇာထည့်သွင်းမှုများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စုပေါင်းမြေသြဇာ ကြဲပက်နေမှုနှင့် ဆင်းဧကရီ(၃) စိုက်ဧက(၃.၀၀) ကြည့်ရှူစစ်ခဲ့ကြောင်းနှင့် မိုင်းတုံမြို့ အဝင်တံတား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၍ပျက်စီးသွားသည့် အပိုင်းအား ကြည့်ရှုကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ မိုင်းတုံမြို့တွင် မိုးစပါးစိုက်၂၅၅၄ဧက၊ ကုန်ကျတန်ဖိုးမှာ (၁)ဧက(၅)သိန်းရှိပြီး တောင်သူများအတွက် အကျိုးဖြစ်ထွန်းမှုရှိကြောင်းနှင့် မိုးစပါးပြီးပါက ကြက်သွန် ဖြူ (၁၄၉၀၀)ဧက၊ ကုန်ကျတန်ဖိုး(၁)ဧက(၁၀)သိန်းကျော်နှင့် အကျိုးအမြတ်မှာ သိန်း(၈၀)ရရှိပြီး၊ နေကြာ၊ သီးထပ် သီးညှပ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖများမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ရပ်မိရပ်ဖများက ဒေသလိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လာရောက်ခြင်းမှာ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်၊ ပြည်သူများ အားကိုးယုံကြည်ရသော ဌာနအဖြစ် ကြိုးစားပေးကြရန်၊ ဒေသဖွံ့ဖြိုးရေး အတွက်အထောက်အကူဖြစ်သည့် လုပ်ငန်းများနှင့် မိမိဌာနမှသတ်မှတ်ထားသည့် ရည်ရွယ်ချက် အတိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပုံပါကျင်မြို့ ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာ ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ရာ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများမှ အသီးသီး လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နားကောင်းမူး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကာ ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ အား တွေ့ဆုံရာ စက်မှုအထက်တန်းကျောင်း နည်းပြဆရာမများမှ ကျောင်း၏ လိုအပ်ချက်များ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သက်ဆိုင်ရာပညာရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး၊ ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုဘာသာရပ် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကို အားပေးစကားပြောကြား၍ ကျောင်းစာသင်ခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်နေသော မဲကင်(ဝမ်မိုင်) – နားပါကော်ကျေးရွာသွား လမ်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ မိုင်းတုံကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှု အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲကင်(ဝမ်မိုင်) – နားပါကော်ကျေးရွာသွားလမ်းသည် ကျောက်မှ ကတ္တရာခင်းခြင်း ၁/၂မိုင်၊ ရန်ပုံငွေ၂၉၂.၄၅၀ကျပ်သန်းဖြစ် ဆောင်ရွက်ပြီး၊ အကျိုးပြုရွာ(၄)ရွာဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့