မိုင်းပန် သြဂုတ်-၁၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၁၆) ရက် ညနေ(၄)နာရီက လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စုရှိ ပေါ်ဆန်းရင် မိုးစပါး(Rs-Cs)မျိုးစေ့ထုတ် စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုရာ မိုင်းပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ၍ ဒေသခံ တောင်သူများမှ စပါးရိတ်သိမ်းစက်များ လိုအပ်လျက်ရှိကြောင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပုလဲဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ဆက်လက်၍ မိုင်းပန်မြို့၊ စဝ်ကောလိခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ ၊လူမှုရေး အသင်းအဖွဲ့ များ၊ ဒေသခံပြည်သူများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ မိုင်းပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌ ဦးအောင်လှိုင်မြင့်မှ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဒေသခံ ရပ်မိ၊ ရပ်ဖများမှ ဒေသလိုအပ်ချက်များ တင်ပြရာသက်ဆိုင်ရာ ဌာနများကပြန်လည်ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒေသခံ ပြည်သူများ၏ တင်ပြချက်အပေါ် လမ်းကိစ္စရပ်များတွင် ဦးစားပေးဆောင်ရွက်ရမည့်လမ်းများ တင်ပြပေး ကြရန်နှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန်နှင့် ဒေသခံပြည်သူ များ၏ လိုအပ်ချက်တင်ပြမှုများကို သိရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများ မှာကြားလိုသည်မှာ စိုက်ပျိုးမှုရှိသော်လည်း အထွက်နှုန်းကောင်းစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာမှ စိုက်ပျိုးရေးနည်းစနစ်များဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပုံမှန်မိရိုးဖလားစိုက်ပျိုးရေးနည်းစနစ်ထက် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာရေးဌာနမှ ကွင်းဆင်းဆောင်ရွက်သည့်အခါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်တင်ပြမှုများကို ကူညီပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မိုင်းပန်မြို့နယ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ မိုင်းပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဦးအောင်လှိုင်မြင့်မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနား တက်ရောက် လာသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့