ဟိုပုံး ဇူလိုင်-၁၇
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဒေသဦးစီးခန်းမ၌ ဇူလိုင်(၁၇)ရက်နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့က လုံခုတ်၊ ပေါင်လင်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူ့စစ်အနေဖြင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးနေသော အဖွဲ့များဖြစ်ပါကြောင်း၊ ပြည်သူ့စစ်အင်အားဖြင့် အကြမ်းဖက်များကို တိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်များသည် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုံခုတ်၊ ပေါင်လင်းပြည်သူစစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောက်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တာဝန်ရှိသူများက လက်ခံရယူပြီး လုံခုတ်၊ ပေါင်လင်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များမှ သတင်းပို့ခြင်းဆောင်ရွက်ကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ကျူကရိန်းကျေးရွာအနီး မွေးမြူရေးဇုန် တည်ဆောက်မည့်နေရာအား ပြည်နယ်ဝန်ကြီးချုပ်၊ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်၊ မြို့နယ်သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုရာ မွေးမြူရေးဇုန်နှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရှင်းလင်းတင်ပြပြီး ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက မွေးမြူရေးဇုန်အတွင်း လမ်းဖောက်လုပ်ဆောင်ရွက်ထားမှုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဇုန်အကွက်ချထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မွေးမြူရေးဇုန်နှင့်ပတ်သက်၍ Master Plan ရေးဆွဲတင်ပြရန် ဖြည့်စွက်မှာကြား၍ ရေကန်နှင့်လျှပ်စစ်သွယ်တန်းထားမှုအား ကြည့်ရှုပြီး မွေးမြူရေးလုပ်ငန်းရှင်များကိုတွေ့ဆုံကာ လုပ်ငန်းရှင်များ၏ လိုအပ်တင်ပြချက်များအား သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ လိုင်းဟားမြားဒေသ ခနောက်စိမ်း အလတ်စားတူးဖော်ရေးသို့ သွားရောက်ကြည့်ရှုရာ ခနောက်စိမ်းသတ္တုတူးဖော်မှုနှင့်ပတ်သက်၍ ကုမ္မဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခနောက်စိမ်းစက်ရုံလည်ပတ်နေမှုနှင့် ခနောက်စိမ်းသတ္တုမိုင်းတွင်းအား သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့