တောင်ကြီး ဇူလိုင်-၁၁
နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ထုတ်ကုန်တစ်ခုဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စား ဒေသထွက်ကုန်များကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၁၁)ရက်နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စု ရှင်းလင်းဆောင်ခန်းမတွင် ရှမ်းရိုးမမွေးမြူရေးဇုန်(၂)ရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကြောင်း သိရသည်။
မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တောင်ကြီးမြို့နယ်ဦးစီးမှူးတို့က ရှမ်းရိုးမမွေးမြူရေးဇုန်(၂)နှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းရိုးမမွေးမြူရေးဇုန်(၂)ကို လာရောက်တွေ့ဆုံရခြင်းမှာ မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲ၊ လိုအပ်မှုရှိနေသည်ကို သိရှိနိုင်ရန်နှင့် ကူညီဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရန်အတွက် ထုတ်ကုန်မြှင့်တင်မှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲရှိပါက တင်ပြပေးကြရန်၊ မွေးမြူရေးဇုန်နှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပါက ပြည်နယ်၊နိုင်ငံပါဖွံ့ဖြိုးတိုးတက်ပြီး စားနပ်ရိက္ခာဖူလုံမှာဖြစ်ကြောင်း၊ မွေးမြူရေးဇုန်(၂)သည် မွေးမြူရေးဇုန်(၁)ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် အားပေးဆောက်ရွက်ပေးနေပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဖြေရှင်းပေးနိုင်မည့်ကိစ္စရပ်များကို ဖြေရှင်းပေးသွားမည်ဖြစ်ပြီး အထက်သို့တင်ပြရမည့်ကိစ္စရပ်များဖြစ်ပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးဇုန်(၂)ရှိ လုပ်ငန်းရှင်များမှ တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးပြီး ချေးငွေနှင့်ပတ်သက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ရှင်းလင်းပေးကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မွေးမြူရေးဇုန်(၂)အတွင်း မွေးမြူထားသောကြက်ခြံများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့