တောင်ကြီး ဇွန်-၁၉
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၁၉)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်မှာကျန်းမာ ကြံ့ခိုင်သောအမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဥာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီးဘောလုံးအသင်းအား တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရေး၊ မြန်မာအမျိုးသမီးများ၏ ကျား၊ မ တန်းတူပြိုင်တူ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများအနေဖြင့် နည်းပြ၊ ကြီးကြပ်အုချုပ်သူများ၏ သွန်သင်မှုကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အပြင် ယှဥ်ပြိုင်ရာမှာ ချမှတ်ထားသော ပြိုင်ပွဲစည်းမျဥ်းစည်းကမ်း ဆုံးဖြတ်ချက်များကို လိုက်နာရန် လိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ပြိုင်ပွဲပထမနေ့ပွဲစဥ်အဖြစ် ပင်လောင်းမြို့နယ်အသင်းနှင့် ညောင်ရွှေမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်(၁၈)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်လ(၁၉)ရက်မှ ဇူလိုင်လ(၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့