တောင်ကြီး ဇွန်-၁၈
တောင်ကြီးမြို့သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဇွန်(၁၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်စည်ပင်သာယာရေးဌာနရုံးသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှူစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက စည်ပင်သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရုံးဖွဲ့စည်းပုံများ ရှင်းလင်းတင်ပြပြီး တောင်ကြီးမြို့နယ်အမှုဆောင်အရာရှိ ဦးသိန်းဝင်းမှ မြို့သန့်ရှင့်သာယာလှပရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ရှမ်းပြည်ဝန်ကြီးချုပ်ဦးအောင်အောင်က စည်ပင်သာယာရေးဌာနသည် အရေးပါသည့် အဖွဲ့အစည်းဖြစ်ပြီး ပြည်သူများနှင့် ဆက်စပ်ရသောလုပ်ငန်းများ ဆောင်ရွက်ရသဖြင့် သက်ဆိုင်ရာဌာနများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းမဲ့စွာ အမှိုက်ပြစ်သူများကို ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ တက်ရောက်သည့်အတွက် ကျူးကျော်နေထိုင်သူများ၊ အမှိုက်ပစ်ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးကြရန်၊ ကျေးလက်လမ်းများလည်း သန့်ရှင်းရန်လိုအပ်ပြီး မြို့သန့်ရှင်းသာယာလှပရေးနှင့် စနစ်တကျရှိရေး လိုအပ်ပါကြောင်းဖြည့်စွက်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အိမ်တော်နှင့် တောင်ကြီးဟိုတယ်ရှေ့ရှိ အများပြည်သူများ အပန်းဖြေ အနားယူနေနိုင်ရန် ပန်းအလှပင်များစိုက်ပျိုးရန်၊ ခြံစည်းရိုးကာရံပြုလုပ်ဆောင်ရွက်ရန်၊ မော်တော်ယာဥ်ရပ်နားမည့်နေရာနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးရန်၊ စူဠာမုနိဘုရားအတက်လမ်း အများပြည်သူ အနားယူအပန်းဖြေသည့်နေရာတွင် လမ်းဘေးပန်းအလှများ စိုက်ပျိုးပေးရန်၊ တောင်ကြီးဘူတာမှထီသိမ်ဘူတာသွား ဌာနဆိုင်ရာများရုံးရှေ့ရှိ ရထားသံလမ်းဘေး မြေကွက်လပ်များကို ကွန်ကရစ်ခင်းနိုင်ရန် သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ကြောင်းသိရသည်။ ၎င်းနောက် တောင်ကြီးတက္ကသိုလ် ဝန်ထမ်းအိမ်ရာဘေး အဝေရာမီးပုံးပျံကွင်းဝန်း အတွင်း မြေကွက်လပ်တွင် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေသော အမှိုက်ကန်နှင့် မြေအောက်ရေထိန်းသိမ်းနိုင်ရန်အတွက် ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန်မှ တောင်ကြီးမြို့ပေါ် ရေဖြန့်ဝေပေးနေမှုနှင့် ရေကန်အားပြန်လည်၍ပြုပြင်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီကုမ္ပဏီတို့ ပူးပေါင်း၍ တောင်ကြီးမြို့ရွှေဘုန်းပွင့်ဘုရားအတက်လမ်း အဆင့်မြှင့်ACကတ္တရာခင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့