ကျိုင်းတုံ မေ-၁၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့သည် မေ(၁၃)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းကျိန် ကျေးရွာအုပ်စုရှိ ရွှေစင်အဆင့်မြင့် တန်(၁၅၀)ကျ ဆန်စက်သို့ ဆန်ကြိတ်ခွဲနေမှု၊ ထုတ်ပိုးချုပ်လုပ်နေမှု သွားရောက်ကွင်းဆင်း ကြည့်ရှုရာ ဆန်စက်ပိုင်ရှင် ဦးမောင်မောင်ဝင်းမှ လိုက်လံရှင်းလင်းကြောင်း သိရသည်။
အဆိုပါ ရွှေစင်အဆင့်မြင့် တန်(၁၅၀)ကျ ဆန်စက်သည် ဒေသထွက် မိုးစပါး မှော်ဘီတုန်း၊ နွေစပါး ရွှေရင်အေး တို့ကို ခွဲကြိတ်ပြီး ဒေသအတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ကျိုင်းတုံ၊ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက် အားသာချက်များရှိသော်လည်း နောင်တွင်ထပ်မဖြစ်ရအောင် ဌာနဆိုင်ရာများအနေဖြင့် ကြိုးစားပေးကြရန်၊ ဟောနန်းနှင့်ပတ်သက်၍ မပျက်စီးအောင် ဆက်လက်ထိန်းသိမ်းပေးကြရန်၊ ဟော်နန်း အမြဲတမ်းဖွင့်လှစ် ထားနိုင်ရန်အတွက် ဝန်ထမ်းများ ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့် အခက်အခဲရှိပါက ပြည်နယ်ခွဲစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌထံ တင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လင်းဦးက လုပ်ငန်းများအားနည်းချက်၊ အားသာချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဆွေးနွေးခြင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ် ဆွေးနွေးကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့