တောင်ကြီး ဖေဖေါ်ဝါရီ-၂၈
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၅)ကို ဖေဖေါ်ဝါရီ(၂၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်ဌာနများအလိုက် လူငယ်သီတင်းပတ်လှုပ်ရှားမှုများ၊ အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်း၊ လူထုလှုပ်ရှားမှုများ၊ အသက်မွေးဝမ်းကျောင်း ညာပေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည့်နည်းတူ ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းဒေသ၊ ခရိုင်၊ မြို့နယ်များအလိုက် သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ရာတွင် အားကစားလှုပ်ရှာမှုများကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ထူးချွန်သောအားကစားသမားများ ရှာဖွေရရှိနိုင်ရန် စသည့်ရည်ရွယ်ချက်များနှင့် အောင်မြင်စွာ ဖွင့်လှစ်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄)ဆုံးဖြတ်ချက်များနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြသည်။
၎င်းနောက် ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုနှင့် ၂၀၂၅ခုနှစ်အတွင်း နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်မည့်အစီအစဥ်များတင်ပြပြီး တက်ရောက်လာသည့် ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် တင်ပြဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်စွက်ဆွေးနွေး၍ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီဌာနတစ်ခုတည်းသာ ဆောင်ရွက်လို့မရသည့်အတွက် ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီဝင်ဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် မိမိတို့၏ဌာနမှ ပေးအပ်ထားသော လူငယ်ဆိုင်ရာလုပ်ငန်းများကိုလည်း ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိဂုံးချုပ်စကား၌ ပြောကြားသွားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး