တောင်ကြီး မေ-၂၇
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို မေ(၂၇)ရက် နံနက်(၁၀)နာရီ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှာဖြစ်၍ ဒေသအတွင်း အလုပ်အကိုင်များ ရရှိကြပြီး တစ်ဖက်တစ်လမ်းက ဆင်းရဲ မွဲတေမှုလျှော့ချရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း များဖန်တီးပေးနိုင်ရေး၊ နည်းပညာများရရှိရေး၊ ကုန်သွယ်မှုတိုးပွားစေရေး၊ ငွေကြေးအရင်းအနှီးများရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ကော်မတီရုံး အနေဖြင့် လစဥ်ကွင်းဆင်း ကြည့်ရှူပြီး လိုအပ်ချက်များရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်မှ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျာထားချက် နှင့် အကောင်အထည်ဖော်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ ဝင်များမှဆွေးနွေးကြ၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့