တောင်ကြီး ဩဂုတ် – ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ဖူဆယ်အားကစားနည်း အဆင့်အတန်း တိုးတက် မြင့်မားစေရေး ၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိခဲ့ကြသည့် ဖူဆယ်အမျိုးသား/အမျိုးသမီးအသင်းများအားကြိုဆိုခြင်းကို ယနေ့ ညနေပိုင်းက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲကို နေပြည်တော်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၃၁ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးဖူဆယ်အားကစားအသင်းက ပထမဆုနှင့် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဖူဆယ်အားကစားအသင်းက ဒုတိယဆု အသီးသီး အနိုင်ရရှိခဲ့ကြသဖြင့် အောင်ပွဲရအားကစားသမားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တောင်ကြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ ၊ အားကစားသမားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး