တောင်ကြီး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေကြသည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင် ကျောင်း သား၊ ကျောင်းသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၁)ရက် နေ့လည်(၂)နာရီက တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကယားပြည်နယ် မှ တိုက်ပွဲရှောင်၍ ပညာသင်ယူရန် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူပေါင်း (၉၇၁)ဦးတို့ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထပ်မံလိုအပ်နေသည့် ကျောင်းဝတ် စုံ အလယ်တန်းအဆင့် ကျောင်းသား(၂၅၄)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၁၅၅)ဦး စုစုပေါင်း(၄၀၉)ဦး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တစ်ဦးလျှင်(၂၂၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ရှစ်ဆယ့်ကိုးသိန်း ကိုးသောင်း ရှစ်ထောင်တိတိကို ထောက်ပံ့ပေးရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ထပ်မံရောက်ရှိလာမည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က လူတိုင်းအတွက် မသင်မနေရ KG+9 ပညာရေးကို ဖော်ဆောင်ပေးလျက်ရှိရာ ကယားပြည်နယ်မှ တိုက်ပွဲရှောင်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အခြေခံပညာကျောင်းများသို့ ပညာသင်ယူရန် ရောက်ရှိ နေသော ကျောင်းသား၊ ကျောင်းသူများအား စိတ်အားငယ်မှု မရှိဘဲ အများနည်းတူ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေး အတွက်ကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ ပညာရေးသည် လူသားတိုင်းအ တွက် မရှိမဖြစ်လိုအပ်သကဲ့သို့ ထိုပညာဖြင့်ပင် တိုင်းပြည်နှင့်လူမျိုးတို့၏ အဆင့်ကို ဖော်ပြဆုံးဖြတ် နိုင်ပါကြောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း တိုက်ပွဲရှောင်၍ ပညာသင်ယူရန် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ကျောသားရင်သား မခွဲခြားဘဲ လူသစ်စိတ်သစ်နှင့် တက်ညီလက်ညီ ကြိုးပမ်းသင်ကြားပေးကြပါလို့ ပြောကြားလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့နယ်အတွက် အထက်တန်းအဆင့် ကျောင်း သုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ် အမျိုးသ မီးရေးရာအဖွဲ့ နာယက ဒေါ်နှင်းဝေက တောင်ကြီးမြို့နယ်အတွက် အလယ်တန်းအဆင့် ကျောင်းသုံး ပစ္စည်းနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီး ချုပ် ဦးသန်းဦးလွင်က တောင်ကြီးမြို့နယ် မူလတန်းအဆင့်အတွက် ကျောင်းသုံးပစ္စည်းနှင့် ကျောင်း ဝတ်စုံများကိုလည်းကောင်း၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့ရှိ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်၊ မူလတန်းအဆင့်များအတွက် ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများကို ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
၎င်းနောက် ကယားပြည်နယ်မှ တိုက်ပွဲရှောင် ကျောင်းသား၊ ကျောင်းသူလေးများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီးတို့သည့် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားများ ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြန်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး