တောင်ကြီး ဇန်နဝါရီ-၁၂
ရှမ်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးကို ဇန်နဝါရီလ(၁၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာမှာ ခရီးစဥ်ဒေသများသာယာလှပရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားမြှင့်တင်ရေးပွဲတော်များကျင်းပပေးရေးတို့အပြင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို လိုအပ်သလိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်းများအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထင်အောင်နိုင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာသူများ နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆွေးနွေးတင်ပြ၍ ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာ ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိနေသည့်ရက်မှစ၍ လက်ရှိအခြေအနေအထိ စာရင်းကောက်ယူပေးရန် လိုအပ်ပါကြောင်း၊ အင်းလေးဒေသတွင် ရိုးရာမပျက်လှေပြိုင်ပွဲများ ကျင်းပပေးနိုင်ရန်နှင့် ပြိုင်ပွဲကျင်းပမှုများ နည်းပါးနေသဖြင့် အင်းစာပေယဥ်ကျေးမှုအဖွဲ့နှင့် ပေါင်းစပ်ဆောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးအတွက် ရည်ရွယ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များကလည်း ပတ်ဝန်းကျင်ဒေသသန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက် ပေးကြရန်နှင့် ဒေသရှိပြည်သူများလည်းပါဝင်လာအောင် ဆောင်ရွက်ပေးကြရန် ပြောကြားပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့