တောင်ကြီး ဇန်နဝါရီ-၃၀
ဥပဒေ၏အခြေခံသဘောတရားများကို ကောင်းမွန်စွာသိရှိနားလည်ပြီး အခြေခံပညာ ကျောင်းသားများကို ပြန်လည်သင်ကြားပြသနိုင်ရေးအတွက်ဦးတည်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ်(၃)သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၃၀)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅)အခြေခံပညာအတန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်အနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ်သင်တန်း အမှတ်စဥ်(၁/၂၀၂၄)နှင့် (၂/၂၀၂၄)တို့ကို သင်တန်းကာလ(၁၀)ရက်စီဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမဦးရေ (၂၁၆)ဦး တက်ရောက်ခဲ့ကြပြီး ယနေ့ကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ်(၃/၂၀၂၅)ကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဖေဖေါ်ဝါရီ(၆)ရက်နေ့အထိ သင်တန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမဦးရေ (၁၀၃)ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ကို သိရှိရပါကြောင်း၊ ယခုသင်တန်း အပတ်စဥ်ပြီးခဲ့ရင် ရှမ်းပြည်နယ်အတွင်းရှိ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းကို ပြီးမြောက်အောင်မြင်သည့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၁၉)ဦးရှိပြီး မိမိတို့တာဝန်ကျကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ကြားပို့ချ ပေးနိုင်မှာဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများသာမက ပြည်သူများပါ သိသင့်သိထိုက်သော ဥပဒေဘာသာရပ်(၇)ခုကို သင်ကြားပို့ချပေးခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာ Grade11နှင့် Grade12 အဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးပါက နိုင်ငံသားတစ်ဦး၏ ရရှိမည့် အခွင့်အရေးများနှင့် ထမ်းဆောင်ရမည့်တာဝန်များကို ကြိုတင်သိရှိထားရန်လိုအပ်ပြီး အခြေခံ ပညာကို လေ့လာသင်ယူစဥ်ကတည်းကပင် ဥပဒေပညာ၏ အခြေခံသဘောတရားများကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား ယခုလိုဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနိုင်သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ခြင်းအားဖြင့် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ချီးမြှင့်ငွေကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပေးအပ်ရာ ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဥပဒေအရာရှိတာဝန်ရှိသူတစ်ဦးတို့က လက်ခံရယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဥ်(၃)သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းတက်ရောက်မည့်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနုတ်ဆက်ကြသည်။ အဆိုပါဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းအမှတ်စဥ်(၃)သင်တန်းတွင် ဆရာ(၇)ဦးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လောင်းကစား ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ရာဇသတ်ကြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဘာသာရပ်များ ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်မှ ဖေဖေါ်ဝါရီလ(၆)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး