တောင်ကြီး မတ်-၄
တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်းအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို မတ်(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော် ဓမ္မရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး အမှူးပြုသောဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒစရိယ၊ တောင်ကြီးမြို့၊ စွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်ကြီးများထံ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူပေးကြပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်၊ မြို့နယ်စီမံရေး အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲများ၊ အလှူရှင်များ၊ ကုမ္ပဏီအလှူရှင်များမှ လှူဒါန်းသော အလှူငွေများကို ရွှေဘုန်းပွင့်စေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူများမှ အသီးသီးလက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ပြီးမြောက်ကြောင်းသိရသည်။
အဆိုပါ တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ရွှေထီးတော်အသစ် ပြန်လည်တင်ပူဇော်ခြင်းအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်းတွင် အလှူတော်ငွေ စုစုပေါင်းကျပ် သိန်းလေးထောင်ခြောက်ရာ နှစ်ဆယ့်သုံးသိန်းသုံးသောင်း သုံးထောင်ငါးကျပ်တိတိ လက်ခံရရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး